Skip to main content

SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၂၀--၂၀၂၂) ရက်နေ့

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့် ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာ သူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။ 

၂။       ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁) တပ်မတော်ဆေး ရုံကြီးကုတင်(၁၀၀၀)  တွင် (၂၀-၁-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၂၈) ခုတွင် တွေ့ရှိရပါသည်။

၃။      အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၂၈) ဦးမှာ Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး မလေးရှားနိုင်ငံ မှ (၁၁) ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ (၆) ဦး၊ ထိုင်းနိုင်ငံမှ (၃) ဦး၊  စင်ကာပူနိုင်ငံမှ (၄) ဦး၊ အိန္ဒိယနိုင်ငံမှ (၂) ဦး၊ ယူအေအီးနိုင်ငံမှ (၁) ဦး နှင့် ရုရှားနိုင်ငံမှ (၁) ဦး တို့ ဖြစ်ကြပါသည်။

၄။      အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက် လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါ လာသည့် ခရီးသည် များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine)နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူး အားဖြည့် ဆောင်ရွက် လျက်ရှိပါသည်။

၅။      သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန