Skip to main content

(၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (MCIS-2021) ဖွင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

နေပြည်တော် ဇွန် ၂၃

(၉)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ RADISSON Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu၊ စစ်ဘက်၊ အရပ်ဘက်မှ အကြီးအကဲများ၊ နိုင်ငံပေါင်း ၆၇ နိုင်ငံမှ အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယ ကာကွယ်ရေးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ညီလာခံသို့ တက်ရောက်လာကြသူများက Rosoboronexport ကုမ္ပဏီ နှင့် အခြားကုမ္ပဏီများက  ခင်းကျင်း ပြသထားသည့် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်း များအား လေ့လာကြည့်ရှုကြသည်။

အဖွင့်အမှာစကားပြောကြား

ယင်းနောက် ညီလာခံအား စတင်ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ Vladimir Putin ပြောကြားသည့် (၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) အမှာစကား video ကို ဖွင့်လှစ်ပြသသည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

ပါဝင်ဆွေးနွေး

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V.Fomin ကဦးဆောင်ဆွေးနွေးပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်းကွပ်ကဲရေးမှူး Army General Valery GERASIMOV၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Colonel General WEI FENGHE၊ ကာတာနိုင်ငံမှ Deputy Prime Minister and Minister of Denfece ဖြစ်သူ Dr.Khalid Bin Mohammad AL-ATTIYAH၊ ဘီလာရုစ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီး Viktor KHRENIN၊ President of the international Committee of the Red Cross ဖြစ်သူ Peter MAURER၊ အာဖဂန် နစ္စတန်နိုင်ငံမှ သမ္မတဟောင်း Khamid KARZAI တို့က သက်ဆိုင်ရာ ခေါင်းစဉ် များအလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ညီလာခံ မတက်ရောက်နိုင်သူများက Online မှ တစ်ဆင့် ပါဝင်ဆွေးနွေးကြသည်။

ယင်းနောက် ညီလာခံအား အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ရာ ဒုတိယပိုင်း မျက်နှာစုံညီ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က “ကမ္ဘာ့နိုင်ငံရေး အခြေအနေတွင် အာရှ-ပစိဖိတ် ဒေသအရေးအား ဆွေးနွေးခြင်း (The Asia-Pacific Region in the Context of Global Politics)” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

ခေါင်းစဉ်များအလိုက် ဆွေးနွေး

ဆက်လက်ပြီး မော်လဒိုက်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယကာကွယ်ရေး ဝန်ကြီး Mr. Hassan ZAMEEL၊ ဗီယက်နမ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီး Senior Lieutenant General PHAN VAN GIANG၊ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ H.E. Sheikh AASINA၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီး Mr. Halbi YUSSOF တို့က သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြသည်။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဆွေးနွေးမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တို့အား သီးခြားဖော်ပြ သွားမည်ဖြစ်သည်)။

သတင်းစဉ်