Skip to main content

ရပ်တန့်ထားသည့်စက်ရုံများအား စွမ်းအားပြည့်ပြန်လည်လည်ပတ်စေခြင်းနှင့် နည်းပညာကို Upgrade ပြုလုပ်၍ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များထွက်ရှိအောင် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်

 

နေပြည်တော် ဩဂုတ် ၁၀

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊  ဦးချစ်နိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊  ဦးတင်ထွဋ်ဦး၊  ဦးလှမိုး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။

 

မူဝါဒအဖြစ် ဆောင်ရွက်နေခြင်းဖြစ်

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် ဩဂုတ် ၁ ရက်နေ့မှစ၍ အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး အစိုးရအဖွဲ့ အကြီးအကဲ ဝန်ကြီးချုပ်အနေဖြင့် မိမိကတာဝန်ယူ၍ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးတက်ရာ တိုးတက်ကြောင်းကိစ္စရပ် များအား အားလုံးစုပေါင်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်ပေးရန် တာဝန်ရှိကြောင်း၊ မိမိတို့သည် နိုင်ငံရေးအစိုးရ၊ ပါတီမူဝါဒများဖြင့် ဆောင်ရွက်သည့်အစိုးရ မဟုတ်ဘဲ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ၏ နိုင်ငံတော်အတွက်ဆောင်ရွက်ရန် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့အား မူဝါဒအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါမူဝါဒများအား အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူရမည့် ကာလသည် အချိန်ကာလ ခဏသာဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှု (၆) လပြည့် မိန့်ခွန်းတွင် မိမိအနေဖြင့် ပြောကြားပြီးဖြစ်ကြောင်း၊ အရေးပေါ်ကာလ သတ်မှတ်ခြင်းနှင့် ဆောင်ရွက်၍ မပြီးပါက ဥပဒေအရခွင့်ပြုနိုင်သည်များရှိသည်ကို အရေးပေါ်ကာလ ပြဌာန်းချက်ဥပဒေ အခန်း တွင် ပါရှိပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရ၏ စီမံခန့်ခွဲမှု၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှုအပေါ်တွင်မူတည်၍ လုပ်ငန်းရပ်များဆောင်ရွက်ရသည့် ကာလများ အပြောင်း အလဲဖြစ်လာနိုင်ကြောင်း၊ အချိန်ကာလအားဖြင့် ခေတ္တတာဝန်ယူ ဆောင်ရွက်သည် ဆိုသော်လည်း ပြည်သူများ စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေး ကိစ္စများအား မဖြစ်မနေ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ် အေးချမ်းမှုများရှိအောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှ သာ ရွေးကောက်ပွဲအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

 

ကိုက်ညီသည့် ဒီမိုကရေစီတည်ဆောက်

 

ပြည်သူများ၏ စားဝတ်နေရေးကိစ္စများ ဆောင်ရွက်ရာတွင် ဒေသဖွံဖြိုးတိုးတက် ရေးအတွက် ဒေသအလိုက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီအသွင်ကူးပြောင်း၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းခဲ့ပြီး သမ္မတကြီးဦးသိန်းစိန် လက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ -ခုနှစ်) အရ ဆောင်ရွက်၍ရသည်များကို ဆောင်ရွက်ပေးခဲ့သကဲ့သို့ ၂၀၁၆ ခုနှစ်တွင် တက်လာသည့် အစိုးရအနေဖြင့်လည်း နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တတ်နိုင် သမျှဆောင်ရွက်ပေးခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရာတွင် ပြည့်စုံမှုမရှိသေးဘဲ ဆောင်ရွက်ရန်ရှိသည်များ များစွာရှိနေသေးကြောင်း၊ ပြီးခဲ့သည့် ၆ လတာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေအရပ်ရပ်အား သုံးသပ်ကြည့်ပါက ဒီမိုကရေစီနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ရှိသည်များ များစွာရှိသေးသည်ကို သင်ခန်းစာတစ်ခုအနေဖြင့် ရရှိကြောင်း၊ ဒီမိုကရေစီ၏အခြေခံမူနှင့် ကိုက်ညီအောင်လည်း ဖော်ဆောင်ပေးရမည့် လုပ်ငန်း ရပ်များရှိကြောင်း၊ အဆိုပါလုပ်ငန်းရပ်များမှာ ဥပဒေ၊ စည်းကမ်းများ အားယခု ထက်ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့သွားနေသည့် နိုင်ငံရေး လမ်းကြောင်း သည်ပြည်သူများ၏ ဆန္ဒဖြစ်သော်လည်း နိုင်ငံ၏ပကတိအခြေအနေများနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီတောင်းဆိုမှုများရှိခဲ့သော်လည်း ဒီမိုကရေစီနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်သိရှိနားလည်သူများ နည်းပါးသည်ကို မှတ်တမ်း မှတ်ရာများအရ လေ့လာသိရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီတည်ဆောက်မှုကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်

 

မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြကြောင်း၊ ထို့ကြောင့် ဗုဒ္ဓအဆုံးအမ၏ ယဉ်ကျေးမှုအောက်တွင် မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာ များစွာ ရှိကြောင်း၊ ရှေးရိုးစွဲခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုကို တည်ဆောက်ရာတွင် အမျိုးသားရေး စရိုက် လက္ခဏာ (National Characteristics) ကို ပထမဆုံး ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးခန့်ရှိကြောင်း၊ ပြည်သူများ၊ တိုင်းရင်သားအားလုံးအနေဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ်လမ်းကြောင်းကို လက်ခံကြကြောင်း၊ တိုင်းရင်းသားအားလုံးဖွံ့ဖြိုး တိုးတက်မှု၊ ညီညွတ်မှု၊ သာယာဝပြောမှု စသည့်အကျိုးများကို ခံစားချင်ကြသူများ ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်း ခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး အများအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ကြကြောင်း၊ မိမိတို့နိုင်ငံတွင် သင့်တင့်သည့် ရာသီဥတုများရှိပြီး မြောက်မှ တောင်သို့ စီးဆင်းနေသည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ လေးမြို့၊ ကုလားတန်စသည့် မြစ်ကြီးများနှင့် အခြားမြစ်များရှိကြောင်း၊ အဆိုပါ မြစ်ကြီးများ ပေါ်တွင်အခြေခံ၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိကြောင်း။

 

နိုင်ငံ၏ ပကတိအခြေအနေများပင်ဖြစ်

 

နိုင်ငံအတွင်း ပညာတတ်များပေါများရန်လိုအပ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် ပညာတတ် များ ပေါကြွယ်ဝရေးအတွက် ကြိုးပမ်းဆောင်ရွက် နေရသကဲ့သို့ ဆင်းရဲမွဲတေမှုများကို လျှော့ချ နေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံရေးအခြေအနေများနှင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုများကြောင့် ပိုမိုရုန်းကန်နေရသည် များရှိကြောင်း၊ နိုင်ငံအတွင်း အလုပ်အကိုင်အခက်အခဲများကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်အကိုင်များ ဆောင်ရွက်နေသူများရှိကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိသည့်အချိန်ကတည်းက  တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခသည် ယနေ့အချိန်အထိ နှစ်ပေါင်း ၇၅ နှစ်နီးပါးခန့် ရှိနေသေးကြောင်း၊ အလားတူ အိမ်နီးခြင်း နိုင်ငံအချို့နှင့် လူဝင်မှုပြဿနာများကြောင့် နိုင်ငံသား ပြဿနာများ ရှိသည့်အပြင် အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားမှတ်ပုံတင် မရရှိသေးသည့် နိုင်ငံသားဦးရေ ၄ သန်းခန့် ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ အဆိုပါ အချက်များသည် မိမိတို့ နိုင်ငံ၏ ပကတိ အခြေအနေများပင်ဖြစ်ကြောင်း၊ အဆိုပါ အချက်များအပေါ်တွင် မူတည်၍ မိမိတို့အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံကိုမည်ကဲ့သို့တိုးတက်အောင် ဆောင်ရွက်ရမည်ကို စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာ ကြွယ်ဝရေးသည် မဖြစ်မနေဆောင် ရွက်ရမည် ဖြစ်သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် နိုင်ငံသား တိုင်းသည် ဥပဒေဖြင့်ပြဋ္ဌာန်းထားသည့် မသင်မနေရအခြေခံ ပညာများကို သင်ကြားရမည်ဟု ပါဝင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိမိတို့ဒေသအလိုက် ပြည်သူများ၏ ပညာရည်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ စီမံဆောင်ရွက်ရန် လိုကြောင်း၊ စာသင်ကျောင်းများ ဥပဓိရုပ်များ ကောင်းမွန်ပြည့်စုံရေး၊ သင်ကြားရေး အထောက် အကူပြု ပစ္စည်းများပြည့်စုံရေး၊ အရည်အချင်းပြည်ဝသည့် ဆရာ၊ ဆရာမများရရှိရေး အတွက်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် စာမတတ်သူပပျောက်ရေးမှတစ်ဆင့် ပြည်သူများအခြေခံပညာအလယ်တန်း ပြီးဆုံးသည်အထိ ရည်မှန်းချက် ထားဆောင်ရွက်ကြရန်လိုကြောင်း။

 

ပထမဦးဆုံး ဦးစားပေးဆောင်ရွက်

 

အလားတူ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာရှင်များပေါများရေးသည် အခြေခံ လိုအပ်ချက် ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ပေါများရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင်များ၊ နည်းပညာရှင်များ၊ ‌ဆောက်လုပ်ရေးပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများလည်း ပေါများရန် လိုအပ်ကြောင်း၊ ဒေသအလိုက်ပညာတတ်များ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ပညာတတ်များပေါကြွယ်ဝခြင်းသည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများအောင်ဆောင် ရွက်ရေးသည် မိမိတို့အစိုးရအဖွဲ့၏ ပထမဦးဆုံး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း။

 

ဦးစားပေးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်

 

စီးပွားရေးမြှင့်တင်မှုနှင့်ပတ်သက်၍ လူတစ်ဦးချင်း၏ ဝင်ငွေရရှိရေးအတွက် နိုင်ငံသားများ ပြည်တွင်း၌ အလုပ်အကိုင်များ ခိုင်ခိုင်မာမာရရှိအောင် ဖန်တီးဆောင်ရွက် ပေးရန်လိုကြောင်း၊ ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဆိုပါက အဆိုပါလုပ်ငန်းများ ပေါ်တွင် မူတည်၍ စက်ရုံအလုပ်ရုံလုပ်ငန်းများ ဖွင့်လှစ်နိုင်ခြင်းဖြင့် အလုပ်အကိုင်များ ပေါများ လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးပြည့်မီရေးနှင့် ဈေးကွက်ရရှိရေး အတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အရည် အသွေးကောင်းမွန်ပြီး သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ အလားတူဒေသ အလိုက် ဝမ်းစာဖူလုံရေးအတွက် သီးနှံများအထွက်နှုန်းတိုးစေရေး ဆောင်ရွက်နိုင်ပါက ဒေသ အတွက်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သီနှံအထွက်နှုန်းသည် နိုင်ငံတကာထက် လျော့နည်းနေသေးကြောင်း၊ ဝမ်းစာဖူလုံမှုမရှိသည့် ဒေသများတွင် ဆန်နှင့် ဂျုံများအား ဦးစားပေးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသပြင်ပမှ ဝယ်ယူစားသုံးမှု မပြုရခြင်း၊ ပြည်ပမှ ဝယ်ယူစားသုံးခြင်းများမပြုရပါက ဒေသအတွင်း၊ နိုင်ငံအတွင်း ငွေကြေးလည်ပတ်သုံးစွဲမှုများပြားလာပြီး နိုင်ငံချမ်းသာခြင်း ပင်ဖြစ်ကြောင်း။

 

ပြည်ပြမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်

 

ပြည်ပသွင်းကုန်များ လျှော့ချရေးနှင့်ပတ်သက်၍ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပြည့်ပြည့်စုံစုံဖြင့် ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရေးသည် မိမိတို့နိုင်ငံ အတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကုန်သွယ်မှုနှင့် ဘတ်ဂျက်လိုငွေများ ရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ များပြားအောင် ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရန်လိုကြောင်း၊ အထူးသဖြင့် ပြည်ပနိုင်ငံများမှ စားသုံးကုန်များတင်သွင်းနေရကြောင်း၊ ဥပမာအားဖြင့် စားသုံးဆီများအား ပြည်ပမှ ငွေကြေးသန်းပေါင်းများစွာဖြင့် တင်သွင်းနေရ ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများ ဖြစ်သည့် နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ ဆီအုန်းများကို စိုက်ပျိုးကြကြောင်း၊ ဆီအုန်းစိုက်ပျိုးမှု နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဆီအုန်းစိုက်ဧက ၃၉၁၀၀၀ ကျော်ခွင့်ပြုပေးထားကြောင်း၊ အဆိုပါ စိုက်ဧကများအား အပြည့်အဝစိုက်ပျိုးနိုင်မည်ဆိုပါကဆီ တန်ချိန် ၄ ဒသမ ၅ သိန်းခန့်အထိ ထွက်ရှိ နိုင်သည်ကို ပညာရှင်များ၏ တွက်ချက်မှုအရ သိရှိရကြောင်း၊ ဆီအုန်းမှဆီထွက်ရှိမှုသည့် အခြားဆီထွက်သီးနှံများထက်များပြား သည်ကိုတွေ့ရှိရသဖြင့် တနင်္သာရီတိုင်းဒေသကြီးအား မိမိတို့နိုင်ငံ၏ဆီအိုးကြီးအဖြစ် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူများနှင့် လုပ်ငန်းရှင်များ အနေဖြင့် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ပါက ပြည်ပမှစားအုန်းဆီ တင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်နှင့် ပတ်သက်၍ နိုင်ငံခြားငွေရရှိရန် တရားဝင်လမ်းကြောင်းမှ  ပြည်ပပို့ကုန်များတင်ပို့နိုင်ရေးကို အားပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း။

 

ပြည်ပငွေသုံးစွဲမှုများကို လျှော့ချ

 

ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ အဝတ်အထည်များ ထုတ်လုပ်ရေးအတွက် ပြည်ပမှ တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖိုးခန့် တင်သွင်းနေရကြောင်း၊ နိုင်ငံတွင် ဝါစက်ရုံများရှိပြီး စက်ရုံများအပြည့်အဝ လည်ပတ်နိုင်ရေးအတွက် ဝါကုန်ကြမ်းများ လုံလောက်စွာရရှိရေး ပြည်တွင်း၌လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်း တို့တွင် ဝါစိုက်ပျိုးဧက ၄ သိန်းကျော်ရှိပြီး အထွက်နှုန်း နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ဝါများအထွက်နှုန်း တိုးတက်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း များရရှိစေခြင်း၊ ပြည်ပမှ ဝါကုန်ကြမ်းများ တင်သွင်းမှုကို လျှော့ချနိုင်ခြင်းနှင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများမှ ဘိလပ်မြေများ တစ်နှစ်လျှင် တန်ချိန် ၁ သန်းခန့် တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်ရုံများမှ တစ်နှစ် လျှင် တန်ချိန် ၇ သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ စက်ရုံများစွမ်းအားပြည့် အပြည့်အဝ လည်ပတ် နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်အား လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဖြစ်၍ ပြည်ပငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စက်ရုံများ စက်စွမ်းရည်ပြည်ဝစွာ ထုတ်လုပ် နိုင်ရေးအတွက် နိုင်ငံတော်မှလိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ဘိလပ်မြေများ၏ အရည်အသွေး ပြည့်မီရေးအတွက်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းက သတ်မှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

သံမဏိထုတ်လုပ်ရေး လုပ်ငန်းနှင့်ပတ်သက်၍ စက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတွင် သံမဏိလိုအပ်ချက်များစွာရှိ၍ ပြည်ပမှတင်သွင်း ရခြင်းကြောင့် နိုင်ငံခြားငွေဆုံးရှုံးမှုများ ဖြစ်ပေါ်ကြောင်း၊ အချို့စက်ရုံများမှာ တည်ဆောက် နေဆဲဖြစ်ပြီး ရပ်တန့်ထားရသဖြင့် နိုင်ငံအတွက် ဆုံးရှုံးခြင်းများဖြစ်ရကြောင်း၊ ပင်းပက် သံမဏိစက်ရုံနှင့် မြင်းခြံသံမဏိစက်ရုံများကို ပြန်လည်လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်တန့် ထားသည့် စက်ရုံများအား စွမ်းအားပြည့် ပြန်လည် လည်ပတ်စေခြင်းနှင့် နည်းပညာကို Up Grade ပြုလုပ်၍ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန် များ ထွက်ရှိအောင်  ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း။

ကောင်းမွန်သော နိုင်ငံပုံရိပ်ကိုဖော်ဆောင်

 

ချည်ထည်စက်ရုံ၊ သံမဏိစက်ရုံ၊ ဘိလပ်မြေစက်ရုံတို့အပြင် ဆပ်ပြာ၊ သွားတိုက် ဆေးစသည့် လူသုံးကုန်ထုတ်လုပ်သည့် စက်မှုလက်မှုလုပ်ငန်းများ ဖန်တီးဖော်ဆောင် ပေးခြင်းဖြင့် နိုင်ငံသား များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံသားများ မိဝေးဖဝေးဖြင့် ပြည်ပသို့ ထွက်ခွာ၍ အလုပ်အကိုင် ရှာဖွေရခြင်းမရှိအောင် ဆောင်ရွက် ပေးနိုင်ခြင်းပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံသူ နိုင်ငံသားများကို စောင့်ရှောက်မှု ပေးနိုင်ခြင်း၊ အရိပ်အာဝါသ ပေးနိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံပိုင်စက်ရုံများကို Public-Private Partnerships စနစ် ဖြင့်လည်း  ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ တစ်ခုတည်း ဆောင်ရွက်၍မရဘဲ ပုဂ္ဂလိက ကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိကအနေဖြင့် လုပ်နိုင်သည့် နယ်ပယ်များစွာရှိ၍ လုပ်နိုင်သည့် အခြေအနေများကို ဖန်တီးပေးရန်လိုကြောင်း၊ တစ်ဖက်မှလည်း တိုင်းရင်းသားများ၏ SME လုပ်ငန်းများကို အားပေးမြှင့်တင်ရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးကို ဦးမော့လာစေပြီး ကောင်းမွန်သော နိုင်ငံပုံရိပ်ကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း။

 

အကျိုးရှိအောင် အသုံးချ

 

လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို အားပေးလျက် ရှိကြောင်း၊ နိုင်ငံအတွင်းရှိ ရေအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှဖန်တီးပေးသော အသုံးချနိုင်သည့် အထင်ကရမြစ်ကြီးများ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး တွင်ရှိကြောင်း၊ သဘာဝအလှ အပေါ် ချစ်ခင်မြတ်နိုးသကဲ့သို့  နိုင်ငံနှင့်ဒေသနေပြည်သူ တို့အတွက် မည်သို့အကျိုးရှိအောင် အသုံးချနိုင်မည်ကိုလည်း စဉ်းစားရန်လိုကြောင်း၊ ဒေသအလိုက် မြစ်ချောင်းများကို လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြု နိုင်မည်ဖြစ်ပြီး တစ်ဖက်မှလည်း စိုက်ပျိုးရေး လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများအတွက် အသုံးချနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေး သယံဇာတများရှိ၍ စက်ရုံများ၏ စွမ်းအင်လိုအပ်ချက်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်ချိန်ဆ၍ နိုင်ငံတော်အတွက် အကျိုးရှိအောင် အသုံးချ သွားရမည် ဖြစ်ကြောင်း။

 

အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကွာဟချက်များကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် ကြိုးစားလျက်ရှိကြောင်း၊ အထူးသဖြင့် ကျေးရွာများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ၏ အခြေခံသည် ကျေးလက်ဒေသများဖြစ်သည့်အတွက် ဖွံ့ဖြိုးမှု၏ အရင်းအမြစ်သည် ကျေးလက်ဒေသများသာဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးမှုရှိပြီး နိုင်ငံရေးနှင့် လုံခြုံရေး အရ တည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်ကြောင်း။

 

အားကစားကဏ္ဍများကို အားပေးဆောင်ရွက်

 

မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍ ကျဆင်းလာသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ အားကစားကို အားပေးဆောင်ရွက်ရန် လိုအပ်ပြီး အားကစားသည် အချိန်ယူလေ့ကျင့် ပျိုးထောင်ရခြင်း ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးအတွက် အထောက်အကူပြုသည့် အားကစားကဏ္ဍများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အားကစားသည် နိုင်ငံတည်ဆောက်ရေးတွင်  စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ကြောင်း၊ သို့ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်  ပွဲကြည့်စင်ပါ မိုးလုံလေလုံ အားကစားကွင်းများ တည်ဆောက်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း။

 

တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်ရရှိရေးကို မှန်မှန်ကန်ကန် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ပြီး ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် အချိန်မီပြီးစီးရေးနှင့် မှန်မှန်ကန်ကန်ရရှိရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုမှာကြားသည့် အချက် များသည် နိုင်ငံအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အခြေခံအချက်များပင်ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် အလေးထား ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။

 

အတည်ပြုချက်ရယူ

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက်ရယူကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော် အစိုးရ၏ ဝင်ငွေသည် အခွန်ငွေဖြစ်ပြီး စီးပွားရေးကျဆင်းမှုနှင့် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများရှိသည့်အတွက် အခွန်ငွေကောက်ခံရရှိမှုများ နည်းပါးလျက်ရှိကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှု နှင့်ပတ်သက်၍  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့်  မဖြစ်မနေသုံးစွဲရမည့် လုပ်ငန်း ကိစ္စရပ်များအပ အခြားကိစ္စရပ် များတွင် တတ်နိုင်သမျှချွေတာ သုံးစွဲရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အနေဖြင့်  သောက်သုံးရေနှင့် လျှပ်စစ်မီး သုံးစွဲမှုများကို လေလွင့်မှုများမရှိအောင် စနစ်တကျ သုံးစွဲကြရန် လိုအပ်ကြောင်း။

 

ပြီးခဲ့သည့်နှစ်က မိုးခေါင်မှုဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံအတွင်း သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုနှစ်တွင် သတ်မှတ်မိုးရေချိန် ပြည့်မီသည့်အတွက် သောက်သုံးရေအတွက် အခက်အခဲမရှိပါကြောင်း၊ သို့သော်လည်း ဆည်တမံများ ထိခိုက်ပျက်စီးမှုမရှိစေရန်နှင့် ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း။

 

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး အပတ်စဉ်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် Video Conferencing စနစ်ဖြင့်ချိတ်ဆက်တွေ့ဆုံပြီး ရောဂါကူးစက်ပြန့်ပွားမှု ကျဆင်းစေရန် လမ်းညွှန် မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်နှင့် ယခုလ ပထမအပတ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အခက်အခဲများကို ကြိုးပမ်းကျော် လွှားနိုင်ခဲ့ကြောင်း၊ ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုသည် ၃၀ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်ကိုတွေ့ရကြောင်း၊ ယင်းအခြေ အနေကို ကျေနပ်နေ၍ မရဘဲ ရောဂါကူးစက်ပြန့်ပွားမှုကို ထပ်မံကျဆင်းအောင် ကြိုးစားလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများကို ပြည်သူများလိုက်နာရန် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများကို သိရှိလိုက်နာမှုရှိစေရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ် ကြောင်း။

 

အထူးဂရုပြုနေထိုင်

သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ ကိုလည်း အဆင့်ဆင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကျဆင်းသွားစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် လုံး၀ပျောက် ကွယ်သွားမည့် ရောဂါ မဟုတ်ကြောင်း ပညာရှင်များက သုံးသပ်ထားကြောင်း၊ ထို့အတွက် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်သွား လာကြရန် လိုအပ်ကြောင်း၊ လက်ရှိ အခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ကုသဆေးတို့ကို ပြည်ပမှ ဝယ်ယူနေရသည့် အတွက် ရေရှည်တွင် အခက်အခဲဖြစ်ပေါ် လာနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးနှင့် ကုသဆေးများ ထုတ်လုပ်သွားရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ လတ်တလောတွင် မျိုးရိုးဗီဇမတူညီသည့် ဗီဇကွဲ ပိုးနှစ်မျိုးကို အခြားနိုင်ငံအချို့တွင် ထပ်မံ တွေ့ရှိနေသည်ကို ကြားသိရကြောင်း၊ သို့ဖြစ်၍ ကိုဗစ်-၁၉ ကပ်ရောဂါနှင်ပတ်သက်၍ ပေါ့ပေါ့ ဆဆ မနေထိုင်ဘဲ အထူးဂရုပြုနေထိုင်ကြရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေး၊ ကုသဆေးနှင့် ဆက်စပ်ဆေးဝါးပစ္စည်းများကို အဆင်ပြေလွယ်ကူစွာ ပြည်သူလူထု လက်ဝယ်ရောက်ရှိရေး အတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများက ကူညီပါဝင် ဆောင်ရွက်ပေးကြ ရန် ပြောကြားလိုကြောင်း။

 

ဖော်ထုတ်ဖမ်းဆီးအရေးယူ

 

အများပြည်သူ အခက်အခဲဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသဆေးနှင့် ဆက်စပ်ဆေးဝါးပစ္စည်းများကို လက်ဝယ်ထားရှိကိုင်ဆောင်ပြီး ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)