Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဩဂုတ်  ၃၀

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက  Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းလျက်ရှိသည့် အခြေအနေများ၊ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျခြင်းမရှိဘဲ ရောဂါပိုးအတည်ပြုလူနာတွေ့ရှိမှုနှုန်း မြင့်မားလျက်ရှိသည့် အချို့မြို့နယ်များကို နေအိမ်တွင် နေထိုင်ရေး(Stay at home) ထားရှိ၍ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျစေရေး လုပ်ဆောင် လျက်ရှိပြီး ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့် မြို့နယ်များအား ပြန်လည်ဖြေလျော့မှု များဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်များ၊ ရပ်ကွက်များအတွင်းထိ ရောဂါပိုးကူးစက်မှုအခြေအနေများကို စစ်ဆေးဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊  နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ဝင်ရောက်လာသူများကို စနစ်တကျ စစ်ဆေးလက်ခံပေးလျက်ရှိသည့် အခြေအနေများနှင့် ဗီဇပြောင်းရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ်တားဆီးနိုင်ရေးလုပ်ဆောင်လျက်ရှိသည့် အခြေ အနေများ၊ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည့် အခြေအနေများ၊ ကာကွယ်ဆေးများ ဆက်လက် ရောက်ရှိလာမည့် အခြေအနေများနှင့် ထပ်မံမှာယူထားရှိမှု အခြေအနေများ၊ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သတင်း ရရှိသည်။