Skip to main content

နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် တစ်ဗိုလ်တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုရှိရမည်ဖြစ်သဖြင့် ခိုင်မာသည့်အဖွဲ့အစည်း၊ ပါတီတို့ပူးပေါင်းဆောင်ရွက်မှ သာလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည်

နေပြည်တော် စက်တင်ဘာ ၁၉

တပ်မတော်သည် ခေတ်အဆက်ဆက် ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပြီး နောင်တွင်လည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသသည် တိုင်းရင်းသားလူမျိုးစုများ အဓိကနေထိုင်သည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် ဒေသတွင်းဖြစ်ပေါ်သည့် အခက်အခဲများကို တိုင်းရင်းသားများနှင့်အတူ အေးအတူ ပူအမျှလုပ်ဆောင်၍ လက်တွဲဖြေရှင်းကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာန ချုပ်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

တက်ရောက်

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများနှင့် ဇနီးများ၊  အရှေ့မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

ထိန်းသိမ်းလုပ်ဆောင်သွားရမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေသည် နိုင်ငံတော်၏ အရှေ့ဘက်ခြမ်း နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်များကို  ထမ်းဆောင်နေရသည့် နယ်မြေတစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ မွေးဖွားခဲ့သည့် တပ်မတော်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းပဋိပက္ခ နှိမ်နင်းရေး တာဝန် များကို ခေတ်အဆက်ဆက် ထမ်းဆောင်ခဲ့ရာတွင် ပြည်သူတို့၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားတို့ကိုလည်း အစဉ်တစိုက်ကာကွယ် စောင့်ရှောက်ခဲ့သည်ကို အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ တပ်မတော်၏ဆန္ဒဖြစ်သည့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် ဖြစ်စေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ပြည်သူနှင့်တစ်သားတည်းဖြစ် အောင်လုပ်ဆောင်၍ ပြည်သူ၏လိုအပ်ချက်၊ တိုင်းပြည် ၏ လိုအပ်ချက်တို့ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လုပ်ဆောင် ပေးခဲ့သည်ကို သမိုင်းကြောင်းများတွင် တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ မွန်မြတ်ပြီး ကောင်းမွန်သည့် တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့စဉ်တွင်လည်း တပ်မတော်အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း၊ စက်ကိရိယာနှင့် အထောက်အကူပြု ဆေးဝါးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့်အပြင် ဆေးရုံ တက်ရောက်ကုသမှု ခံယူနေရသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက်  အာဟာရ ဖြည့်စွက်စာများ လှူဒါန်းခြင်း နှင့် အထွေထွေလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း လုပ်ဆောင် ပေးခဲ့ပြီး ယခုထက်ထိလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တပ်မတော်သည် ခေတ်အဆက်ဆက် ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပြီး နောင်တွင်လည်း ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

ဦးစား ပေးလုပ်ဆောင်

တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရပထမ သက်တမ်းကာလ ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင် ခဲ့ကြောင်း၊ တိုင်းပြည်တိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကို အစိုးရနှင့် အတွဲညီညီဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်တက်လာခဲ့ပြီး ၅ နှစ်တာကာလ အုပ်ချုပ်ခဲ့ကာ စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများ၌ တပ်မတော်မှ ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြုထောက်ပြခဲ့သော်လည်း စစ်ဘက် အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ကြောင်း။

လေးစားလိုက်နာရမည်

လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိပြီးဖြစ်မည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းကြီးမားစွာ မှားယွင်းမှုများ ကို စိစစ်တွေ့ရှိရပြီး နိုင်ငံရေးအရအရေးပေါ် ကြေညာတာဝန်ယူခဲ့ရခြင်းဖြစ်သဖြင့် အခြေခံဥပဒေ အတိုင်းသာ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ဆန္ဒမဲပေး၍ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်ပါ ဥပဒေပြဌာန်းချက်များကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် လိုအပ်ချက်၊ အားနည်းချက်များ ရှိကောင်း ရှိမည်ဖြစ်သော်လည်း တိုင်းပြည်နှင့် ပြည်သူကို အကာအကွယ်ပေးထားသည့် ကောင်းမွန်သည့် အချက်များစွာလည်းပါရှိကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကိုထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားရေးအရ လုပ်ဆောင် ရမည့်အချက် (၁) ချက်နှင့် နိုင်ငံရေးအရ လုပ်ဆောင်ရမည့်အချက် (၂) ချက် ရှိကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ်ဆောင်ရွက်ရမည့်လုပ်ငန်းမှာ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်ကြောင်း၊ နိုင်ငံရေးအရလုပ်ဆောင်ရမည့် လုပ်ငန်း စဉ်(၂)ခုမှာ စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တို့ပင်ဖြစ်ကြောင်း အထက်ပါ အချက် ၃ ချက်ကို တို့တာဝန်အရေးသုံးပါးကဲ့သို့ပင် ခံယူဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့နိုင်ငံသည် ပြည်မကို ဗဟိုပြု၍ တိုင်းရင်းသား ဒေသ များဖြင့် ပေါင်းစည်းထားသည့် ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ဘာသာရေးအရ၊ တိုင်းရင်းသားရေးအရ အယူအဆကွဲလွဲမှု များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့်၊ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံမျိုးကို ကျင့်သုံးနိုင်‌ရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် တစ်ဗိုလ် တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်မှု ရှိရမည်ဖြစ်သဖြင့် ခိုင်မာသည့်အဖွဲ့အစည်း၊ ပါတီတို့ ပူးပေါင်းဆောင်ရွက်မှသာလျင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။

အေးအတူပူ အမျှလုပ်ဆောင်

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်သဖြင့် စွမ်းရည်စွမ်းအား ရှိသည့် တပ်မတော်ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသသည် တိုင်းရင်းသားလူမျိုးစုများ အဓိကနေထိုင်သည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဒေသတွင်းဖြစ်ပေါ်သည့် အခက်အခဲများကို တိုင်းရင်းသားများနှင့်အတူ အေးအတူပူ အမျှလုပ်ဆောင်၍ လက်တွဲဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ မည်သည့် လုပ်ငန်းကို ဆောင်ရွက် သည်ဖြစ်စေ စီမံခန့်ခွဲမှုကောင်းစွာဖြင့် မိမိအလုပ်ကိုစေတနာထား၍ မှန်မှန်ကန်ကန်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကောင်းမွန်သည့် အကျိုးအမြတ်များရရှိ နိုင်မည်ဖြစ်ဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို တတ်စွမ်းသရွေ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

ကာကွယ်ရေးအမြင်ရှိနေရမည်

တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်မည်ဟူသည့် မွန်မြတ်သည့် စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါရှိဘဲ Volunteer ဝင်ရောက် အမှုထမ်းကြသူများဖြစ်သည့်အတွက် မိမိတို့ ထမ်းဆောင်နေသည့်တာဝန်အပေါ် ခံယူချက်၊ ယုံကြည်ချက် နက်နက်ရှိုင်းရှိုင်းဖြင့် တာဝန်ထမ်းဆောင်ရန်နှင့် တပ်မတော်သား တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံရမည်ဖြစ်ကြောင်း၊ နေ့စဉ်လုပ်ဆောင်နေရသည့် လုပ်ငန်း တာဝန်များသည် တစ်ဦးချင်း၏ ပင်ကိုယ်အရည်အသွေးများကို မြှင့်တင်ပေးနေခြင်းဖြစ်သဖြင့် မိမိတို့၏ ထိုးထွင်းကြံဆမှုဖြင့် ကြုံတွေ့လာရသည့်အခက်အခဲများကို ဆန်းစစ်ပြီး တွေးခေါ် မြှော်မြင်မှုဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် ဉာဏ်ပညာကို အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ အသုံးချနိုင်ရေးအတွက် အသိပညာနှင့် ပြည်စုံရန်လိုအပ်သည့်အတွက် မိမိတို့၏ အားလပ်ချိန် များတွင် အကျိုးရှိစေမည့် စာအုပ်စာပေများကို ဖတ်မှတ်ကြရန်လိုကြောင်း၊ ထို့ပြင် လုံခြုံရေး သတိ၊ လုံခြုံရေးသတိ အမြဲထားရှိပြီး ကာကွယ်ရေးအမြင် ရှိနေရမည် ဖြစ်ကြောင်း။

ကြပ်မတ်ထိန်းသိမ်း

ပညာရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိရေး မိမိကိုယ်တိုင်စာဖတ်ရန် လိုအပ်သကဲ့သို့ မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားမှု ရှိစေရေးအတွက်လည်း အားပေးဆောင်ရွက် ကြရန် လိုကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများအရ ကျောင်းများပိတ်ထားရ သော်လည်း မိမိတို့၏ ကလေးငယ်များကို ယခင်သင်ကြားခဲ့သည့် စာပေများကို ဖတ်မှတ် လေ့လာနေ စေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ အသိပညာ ဗဟုသုတနောက်ကျ မကျန်ခဲ့ရစေရေးအတွက် တပ်မတော်ပိုင်စာပေ ထုတ်လုပ်ရေး လုပ်ငန်းများမှ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတရသ စာအုပ်စာပေများကို ထုတ်ဝေ၍ တပ်ဌာနချုပ်အသီးသီးသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ လူတစ်ဦး၏ စာဖတ်အားသည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အပံ့ ပေးနိုင်သည်ဖြစ်သဖြင့် စာဖတ်ကြ စေလိုပြီး မိမိတို့၏ ကလေးငယ် များကိုလည်း ပညာရေးလမ်းကြောင်းမှ သွေဖီမသွားစေရေး ကြပ်မတ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း။

ရည်မှန်းချက်ထားဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ လျော့ကျလာပြီ ဖြစ်သော်လည်း စည်းကမ်းတင်းကြပ်မှု များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု သိသာစွာ ကျဆင်းလာသည်အထိ ထိန်းချုပ်နိုင်သည့် အချိန်တွင် ပညာရည် မြှင့်တင်ရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးနှံမှု လုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံရန်လိုအပ်သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ထိုးနှံပြီးစီးနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေ သည့် တပ်မတော်အနေဖြင့် မကျန်းမမာဖြစ်နေ၍ မရသည့်အတွက် ကျန်းမာကြံ့ခိုင်ရေး၊ ကိုယ်ခံအားကောင်းမွန်ရေးအတွက် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန်လိုမည်ဖြစ်သကဲ့သို့ အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် နေထိုင်စားသောက်မှုဖြစ်စေရန် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက် ကြရန်လိုအပ်မည် ဖြစ်ကြောင်း မှာကြားသည်။

ညှိနှိုင်းဆောင်ရွက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက မိခင်နှင့်ကလေး ထောက်ပံ့ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူ ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)