Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များက ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်၌ ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovich kasatonov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovich kasatonov နှင့် စစ်ရေယာဉ်မှူး Captain Andrey Kuznetsov တို့က ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချူပ်သည် ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်၌ ရုရှားစစ်ရေယာဉ် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်တေးသီချင်းဖြင့် ဂုဏ်ပြုကြိုဆိုအလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် သည် ရုရှားစစ်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အရာရှိ၊ စစ်သည်များအတွက် မြန်မာ့တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်နှင့် စစ်ရေယာဉ်မှူးတို့က လက်ခံရယူသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် အဖွဲ့ဝင်များအား ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်ရှိ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်းဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုများကို ပိုမိုခိုင်မြဲစေနိုင် သည့်အတွက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် စေလွှတ်ပေးနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်(ရေ) နှစ်ရပ်အကြား ရေကြောင်းလုံခြုံမှုဆိုင်ရာ နည်းပညာနှင့် သတင်း အချက်အလက်များဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်နှင့် အဖွဲ့ဝင်များသည် ရုရှားစစ်ရေယာဉ် Gremyashiy အား လှည့်လည်ကြည့်ရှုကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်နှင့် စစ်ရေယာဉ်မှူးတို့က စစ်ရေယာဉ်၏ စက်ပိုင်းဆိုင်ရာနှင့် တပ်ဆင်ထားသည့် ကာကွယ်ရေးဆိုင်ရာ လက်နက်များ၏ စွမ်းရည်များ၊ ရာသီဥတုဆိုးရွားမှု ဒဏ်ခံနိုင်ရေးအတွက် ခေတ်မီစနစ်များ တပ်ဆင်ထားရှိသည့် အခြေအနေများ၊ အရေးပေါ်အခြေအနေတွင် ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိသည့် အခြေအနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသ ကြသည်။ ရှင်းလင်းပြသမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး စစ်ရေယာဉ် တည်ဆောက်ရေး နည်းပညာပိုင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်သည် ရုရှားစစ်ရေယာဉ် Gremyashiy ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်မှ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်နှင့် စစ်ရေယာဉ်မှူးတို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ်အား ရုရှားနိုင်ငံတွင် စစ်ရေယာဉ်တည်ဆောက်ရေးနှင့် ပတ်သက် သည့် ပညာတော်သင် သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်(ရေ)မှ အရာရှိများနှင့် မိတ်ဆက်ပေးသည်။

အဆိုပါ ရုရှားတပ်မတော်မှ စစ်ရေယာဉ် Gremyashiy သည် အောက်တိုဘာ ၂၈ ရက် ညပိုင်း တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့‌ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သုံးရက်ကြာနေထိုင်သွားမည်ဖြစ်ကြောင်းနှင့် အထင်ကရ နေရာများသို့ သွားရောက်လေ့လာခြင်း၊ ချစ်ကြည်ရေးအားကစားပွဲများ ကျင်းပခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)