Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ သမိုင်းဝင်တော်လှန်ရေးပန်းခြံနှင့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် အားကစားဇုန် နယ်မြေတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီ လမ်းထောင့်ရှိ သမိုင်းဝင် တော်လှန်ရေး ပန်းခြံသို့သွားရောက်၍ ပန်းခြံအတွင်း အများပြည်သူတို့ အပန်းဖြေအနားယူနိုင်ရေး၊ ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်နိုင်ရေး ပြင်ဆင်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံနှင့်တပ်မတော်အတွက် သမိုင်းမှတ်တမ်းဝင်ပန်းခြံဖြစ်သဖြင့် အမြဲစိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေးအတွက် စနစ်တကျပြုပြင်ထိန်းသိမ်း ဆောင်ရွက် ရန်၊ အများပြည်သူများ စိတ်လက်ချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်နိုင်ရေး တို့အတွက် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ သမိုင်းဝင် တော်လှန်ရေးပန်းခြံအပါအဝင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် အများပြည်သူအပန်းဖြေနေရာများအား စည်းမျဉ်း စည်းကမ်းများနှင့်အညီ နိုဝင်ဘာ ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များအား မှာကြားသည်။

အဆိုပါ သမိုင်းဝင်တော်လှန်ရေးပန်းခြံသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် အရေးပါသည့် အထင်ကရ နေရာ တစ်ခုဖြစ်ပြီး ပန်းခြံတွင် တပ်မတော်နေ့ အခမ်းအနားများကို ၂၀၀၅ ခုနှစ်၊ နှစ်(၆၀)ပြည့် တပ်မတော်နေ့အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ပန်းခြံအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ယာယီပိတ်ထားရာမှ လက်ရှိအချိန်တွင် ကူးစက် ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေး လိုအပ်သည့်မွမ်းမံမှုများကို ဆောင်ရွက်လျက်ရှိရာ ပန်းခြံအတွင်း ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင် စစ်ထွက်မိန့်ခွန်းပြောကြားခဲ့သည့် စစ်ထွက် သပြေပင်နှင့် ဗိုလ်ချုပ်၏ စီးတော်မြင်းချည်ခဲ့သော မြင်းချည်သပြေပင်တို့အပါအဝင် အလေးပြုခံ စင်မြင့်နှင့် အလံတိုင်များ၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် မီးရှူးတိုင်များ၊ ကျန်းမာရေးကိုယ်လက် လေ့ကျင့်ရေးကွင်းများ၊ ရေပန်းများ၊ ကလေး ကစားကွင်းများ၊ မုဒ်ဦးများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန် စေရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး မီးအလှများလည်း ဆင်ယင်ထားရှိကြောင်းနှင့် နိုဝင်ဘာ ၁ ရက်နေ့မှစ၍ အများ ပြည်သူများ အပန်းဖြေနိုင်ရေး ပြန်လည်ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်နှင့် အားကစားဇုန်နယ်မြေသို့ ရောက်ရှိကြရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်း ညွှန်ကြားရေးမှူး ဦးအောင်မိုးက အားကစားဇုန် သမိုင်းအကျဉ်းနှင့် အားကစားဇုန် နယ်မြေ အတွင်း အားကစားကွင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစား ကွင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံဆိပ်ကမ်း မြို့နယ်များအတွင်း အားကစား ကွင်းများ အဆင့်မီမီဖြစ်ပေါ်လာရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးမှာကြားပြီး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် အားကစားဇုန်နယ်မြေအတွင်းရှိ မသန်စွမ်း အားကစားရုံနှင့် အမျိုးသား ရေကူးကန်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မသန်စွမ်းအားကစားရုံ ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေအနေများနှင့် အမျိုးသား ရေကူးကန်အား အများပြည်သူများ ရေကူးအားကစားဆောင်ရွက် နိုင်ရန်အတွက် စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်နှင့် ရေကူးကန်အားအဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)