Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံကုန်သွယ်ရေး စခန်းနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ ကုမ္ပဏီ(၄)ခု၊ ယာဉ်စီးရေ (၆)စီးတို့ဖြင့် တင်သွင်းရာ၌ အောက်ဆီဂျင်အရည် Bowser ယာဉ်(၁)စီးဖြင့် (၂၀)တန်နှင့် နှာခေါင်းစည်း(Mask)(၃၄)တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

(သတင်းစဉ်)