Skip to main content

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လက်လုပ်မိုင်း စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

နေပြည်တော် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ အိမ်အမှတ်(၂၂)၌ လက်လုပ်မိုင်းစမ်းသပ် ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ အိမ်အမှတ်(၂၂)၌ ယနေ့နံနက် ၉ နာရီခန့်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အပေါ်ထပ်၌ ဂျွန်ဇန်ဗန်ဗျက်လာ (ဘ)ဦးငွန်ဇလျန်၊ အသက် (၁၇)နှစ်၊ ကျော်သီဟ(ဘ)ဦးသူရကျော်ခေါင်၊ အသက်(၁၇)နှစ်နှင့် အောင်ခန့်ပိုင်(ဘ)ဦးရဲအောင်၊ အသက်(၁၇)နှစ်တို့တွင် ပြင်းထန်မိုင်းစ ထိမှန်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့သော်လည်း ကျော်သီဟ သည် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ  ၎င်းတို့ ၃ ဦးသည် ဂျွန်ဇန်ဗန်ဗျက်လာ ၏နေအိမ်၌ လက်လုပ်မိုင်းစမ်းသပ်မှုများ ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇) ရပ်ကွက်၊ သုခလမ်း၊ အိမ်အမှတ်(၄၇)ရှိ ကျော်သီဟ ၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၁၂ ဗို့ကျည် ၂၆ တောင့်၊ ဗိုက်ဘာဦးထုပ် ၆ လုံး၊ လက်ရိုက်တုတ် ၁ ချောင်းနှင့် အကြမ်းဖက်မှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ သေမှုသေခင်း ဖွင့်လှစ်၍ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်