Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ - ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့တာဝန်ယူခဲ့သည်မှာ ၁၁ လ ကြာမြင့် ခဲ့ပြီဖြစ်ပြီး မကြာမီအချိန်အတွင်း ၁ နှစ်ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင် ချိန်ကာလအတွင်း နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် အလုပ်သဘောချစ်ကြည်ရေး ခရီးစဉ် လာရောက်ခဲ့ပြီး အာဆီယံရေးရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အဓိကအားဖြင့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး ဘုံသဘော တူညီချက် ၅ ချက် နှင့်ပတ်သက်၍ ဦးတည် ဆွေးနွေးနိုင် ခဲ့ကြောင်း၊ ပထမဆုံးအချက်ဖြစ်သည့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် အကြမ်းဖက်မှုရပ်ဆိုင်းပြီး တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် နှင့်အကြမ်းဖက် အဖွဲ့များ၏ ကွဲပြားခြားနားမှုများ၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် အတွက် အမြဲမပြတ် ဆောင်ရွက်နေမှုများနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ပါဝင်နိုင်ရေးဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း၊ အလားတူ အာဆီယံလူသားချင်း စာနာ ထောက်ထားမှုနှင့်သက်ဆိုင်သည့် ထောက်ပံ့ပစ္စည်းများ ကူညီထောက်ပံ့နိုင်ရေးဆိုင်ရာ ကိစ္စများ ကိုလည်း ဆွေးနွေးနိုင်ခဲ့ပြီး မိမိတို့အနေဖြင့် လက်ခံပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၏ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ် သည် အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း။

နိုင်ငံတော်၏ ယေဘုယျအခြေအနေနှင့်ပတ်သက်ပြီး ပထမဦးစွာ နိုင်ငံရေးနှင့် ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်တွင် ဆူပူမှုများမရှိသလောက် နည်းပါး ခဲ့သော်လည်း ဖေဖေါ်ဝါရီ ၃ ရက် နောက်ပိုင်းတွင် ပြင်းထန်လာခဲ့ပြီး တစ်နိုင်ငံ လုံးအနေဖြင့် ၆၀ ရာခိုင်နှုန်းခန့်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ နောက်ပိုင်းတွင် ပြန်လည်ကျဆင်းလာခဲ့ကြောင်း၊ ဆန္ဒပြမှုများအား ထောက်ခံ သူများရှိသကဲ့သို့ ကန့်ကွက်သူ များလည်း ရှိခဲ့ကြောင်း၊ သာမန်ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူမှု၊ အကြမ်းဖက်မှု၊ ဖောက်ခွဲဖျက်ဆီးမှုနှင့် သတ်ဖြတ်မှုများအထိဆောင်ရွက်လာခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ဆက်လက် လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် တတ်နိုင်သမျှထိန်းသိမ်း ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စစ်အုပ်ချုပ်ရေးအမိန့်များသတ်မှတ် ရာတွင်လည်း အလွန် ဆိုးရွားသည့် နယ်မြေများကိုသာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ဖက်မှလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် အချိန်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ နိုင်ငံအတွင်း စီးပွားရေးနှင့် ပတ်သက်၍များစွာထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ စီမံ ခန့်ခွဲမှုအမှားများကြောင့် ၂၀၁၈ ခုနှစ်မှစတင်၍ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံ၏ ငွေကြေးတည်ငြိမ်မှုရှိစေရန် အတွက် တရားနည်းလမ်းမကျသည့် အခြားနည်းလမ်းများဖြင့် ထိန်းချုပ်ဆောင်ရွက်ခဲ့ခြင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အားပေးဆောင်ရွက်မှုမရှိခဲ့ခြင်းများကြောင့် ကုန်သွယ်မှု လိုငွေများနှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိခဲ့ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်တွင် နိုင်ငံများအားလုံး စီးပွားရေး ထိခိုက်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေးစရိတ်ကြီး မြင့်ခြင်း၊ ဝန်ဆောင်ခနှင့် ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်ခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့် တက်လာကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ၏စီးပွာရေးပြန်လည်ကောင်းမွန် စေရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဓိကမှာပြည်သူများအားလုံး ထမင်းမငတ်ရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးနိုင်ငံဖြစ်သဖြင့် အဆိုပါ အားသာချက်ကို အသုံးချ ရမည်ဖြစ်ကြောင်း၊ ယခုအခါ စားသောက်ကုန်များ အထိုက်အလျောက်ထုတ်လုပ်နိုင်ခဲ့၍ ပြည်ပပို့ကုန်များ ကို တိုးမြှင့်တင်ပို့ နိုင်ပြီ ဖြစ်ကြောင်း။

လူမှုရေးနှင့်ပတ်သက်၍ စာသင်ကျောင်းများအား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ပိတ်ထား ခဲ့ရပြီး ယခုအခါ စာသင်ကျောင်းများပြန် လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ကျောင်းတက်မှုနှုန်းများမှာ စတင်ဖွင့်လှစ်နိုင်ခဲ့သည့် အချိန်ထက် ကျောင်းတက်ရာခိုင် နှုန်းများ မြင့်တက်လာကြောင်း၊ သို့သော် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးဝန်ထမ်းများ CDM ပြုလုပ်မှုနှင့် ပတ်သက်၍လည်း ပညာရေးဝန်ထမ်းအများစုသည် အမျိုးသမီးများဖြစ်ပြီး အရှက်တရားနှင့် အကြောက်တရားများကို အသုံးချ၍ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရှက်ခွဲ ခံရခြင်းနှင့် အခြားသောအကြောင်း အမျိုးမျိုးကြောင့် CDM ပြုလုပ်ခဲ့ကြသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံ၏ အနာဂါတ် အတွက် ကျောင်းသား၊ ကျောင်းသူများ အားလုံး စာမေးပွဲအောင်ရုံသာမက  အမှန်တကယ် တတ်မြောက်အောင်သင်ကြားပေးရန် လိုကြောင်း၊ ထို့ကြောင့် တတ်နိုင်သမျှ ပညာရေးနှင့် ပတ်သက်၍ ရာနှုန်းပြည့်တိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များကိုလည်း ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျောင်း တက် ရာခိုင်နှုန်းများတိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ ဆရာဝန်များ CDM ပြုလုပ်ကြပြီး ဆူပူအကြမ်းဖက်သည့် အဖွဲ့ များတွင် သွားရောက်နေကြသူများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များတွင် ဝင်ရောက်အလုပ် လုပ်ကိုင်ခြင်း၊ ကိုယ်ပိုင်ဆေးခန်းများဖွင့်လှစ်ခြင်းနှင့် ပြည်ပသို့ သွားရောက်ခြင်းများရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဥပဒေနှင့် အညီ ထိန်းသိမ်း ဆောင်ရွက်နေမှုများရှိကြောင်း၊ အားကစားနှင့်ပတ်သက်၍လည်း ကိုဗစ်ရောဂါဖြစ်ပွား မှုကြောင့် အားကစားဆောင်ရွက်မှုများ အား ရပ်တန့် ထားခဲ့ရပြီး ယခုအခါ တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် အားကစားပွဲများ ကျင်းပနိုင်ရေး ပြန်လည်ခွင့်ပြုပေးထားကာ အားကစားပြိုင်ပွဲများကျင်းပပြုလုပ် လျက်ရှိကြောင်း။

လုံခြုံရေးနှင့်ပတ်သက်၍ လက်နက်ကိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်  နောက်ပိုင်းမှ ပေါ်ပေါက်လာသည့် အကြမ်းဖက်အဖွဲ့ အစည်းများရှိကြောင်း၊ မိမိတို့အနေဖြင့် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများအမြဲမပြတ်ဆောင်ရွက် လျက်ရှိပြီး လက်မှတ်ရေးထိုးထားခြင်း မရှိသောအဖွဲ့များနှင့်လည်း အလွတ်သဘောဆွေးနွေးမှုများ ပြုလုပ် လျက်ရှိကြောင်း၊ အဆိုပါအဖွဲ့များထဲတွင် လက်မှတ် ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ထဲတွင် ပါဝင်သည့် KIA နှင့် KNPP အဖွဲ့တို့သည် CDM ပြုလုပ်ခဲ့သည့်အဖွဲ့များကို ထောက်ပံ့ပေးပြီး ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများဖွင့်လှစ်ပေးခြင်းနှင့် လက်နက်ခဲယမ်းများထောက်ပံ့ ပေးခြင်း၊ ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်များတွင်ပါဝင်၍ လမ်းကြောင်းများ၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ရပ်များတွင်ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည်ကိုတွေ့ရှိရကြောင်း၊ ယခုအခါကယားပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက် မှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေဖြင့် ဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အလားတူ ချင်းပြည်နယ်၊ ထန်တလန် မြို့တွင်လည်း ချင်းပြည်နယ် NLD အဖွဲ့နှင့် CNF အဖွဲ့များပူးပေါင်း၍ အကြမ်းဖက်မှုများ နှင့် မီးရှို့ဖျက်ဆီးခဲ့မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အိမ်များမီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် CDM ပြုလုပ်ပြီး အကြမ်းဖက် မှုများဆောင်ရွက် နေသူများအားဖမ်းဆီးရမိ ခဲ့ပြီးအချို့ကိုလည်း သတင်းထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအောက်ပိုင်း အကြမ်း ဖက်မှုများ ဆောင်ရွက်ရေးအတွက် ဦးဆောင်ပြီးဆောင်ရွက်နေသည့် NLD ပါတီမှဖြိုးဇေယျာ သော်အားဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း၊ အလားတူ အကြမ်းဖက်မှုများဆောင်ရွက်နေသူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ ပစ်ခတ်သတ်ဖြတ်မှုများ နည်းပါး လာပြီဖြစ်ကြောင်း၊ အပြစ်မဲ့ပြည် သူများနှင့် ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ဝန်ထမ်းများအား အကြောင်းမဲ့သတ်ဖြတ် ခြင်းသည် နိုင်ငံတော် အစိုးရအား ဆန့်ကျင် ခြင်းမဟုတ်ဘဲ တိုင်းပြည်ပျက်စီးစေရန်အတွက် ပြုလုပ်နေသော မိုက်မဲသည့် အပြုအမူများပင် ဖြစ်ကြောင်း။

လာမည့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် စိန်ရတု ပြည်ထောင်စု နေ့သည် နိုင်ငံ တော်အတွက် ထူးခြားလေးနက်သည့် နေ့တစ်နေ့ဖြစ်သဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် လွတ်လပ် ရေးနေ့သည်စိန်ရတု လွတ်လပ် ရေးနေ့ဖြစ်ကြောင်း၊ မိမိအနေဖြင့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ၇၅ နှစ်ကြာပြီဖြစ်သည့် မိမိတို့နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ခိုင်မာနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို မကြခဏ ခြိမ်းခြောက်ခံနေရပြီး နိုင်ငံ၏ စုစည်းညီညွတ်သည့်အားဖြင့် ခိုင်မာအောင် ဆောင်ရွက် နေရန်လိုကြောင်း၊ လွတ်လပ်ရေးမှ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များခံစားနိုင်အောင် ဆောင်ရွက်ရန် လိုအပ်သဖြင့် မိမိအနေဖြင့် ယခုနှစ်တွင် နိုင်ငံ၏အရေးကြီးဆုံး လိုအပ်ချက် ဖြစ်သည့် ငြိမ်းချမ်းရေးကိုဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ခြေလှမ်းသစ် စတင်မည်ဖြစ် ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် နောက်ပိုင်းရရှိခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အပေါ်တွင် အခြေခံပြီး ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်ပါဝင် သည့် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်အတွက် မိမိထံသို့ မကြာခဏလာရောက် ညှိနှိုင်းမှု များဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၂၀၁၁ -၂၀၁၅ ကာလတွင် ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၅ -၂၀၂၀ ကာလတွင် လည်း ခေတ်ကာလနှင့်ကိုက်ညီအောင်ပြင်ဆင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ၁၉၉၀ ပြည့်နှစ်ခန့်မှစတင်၍ အခြေတည်ခဲ့ ခြင်းဖြစ်သဖြင့် လတ်တလော အခြေအနေနှင့် ကိုက်ညီမှုမရှိနိုင်သည်များရှိသဖြင့် ပြင် ဆင်ရန်ရှိသည်များကို နားလည် သဘောပေါက်ကြောင်း၊ သို့သော် တို့တာဝန်အရေးသုံး ပါးကို ထိပါးစေမည့်အချက်များအားလုံးဝ ထိခိုက်၍မရကြောင်း၊ မိမိတို့သည် ဒီမို ကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုသွားနေခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု ဟူသောစကားသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ် ခဲ့ခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် အလေးထား အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုကိုအခြေခံ၍ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးနှင့်ပတ်သက်၍ ဖက်ဒရယ်နိုင်ငံကြီးများ၌ ဒီမိုကရေစီနှင့်ဖက်ဒရယ်တွင် တူညီသည့် အခွင့်အရေး ကိုသာ ပေးထားကြောင်း၊ တိုင်းရင်း သားအားလုံးတူညီသည့် အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေး ရမည်ဖြစ်ပြီး တစ်ဦး တစ်ယောက်တည်း ဦးစားပေး၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ထိခိုက်မှုမရှိပါကလက်ခံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ငြိမ်းချမ်းရေး နှင့်စပ်လျဉ်း၍ ဒေသအလိုက်ဖွံဖြိုးတိုးတက်မှုများမျှတမှုရှိရန်နှင့် ပတ်သက်ပြီး ပြောကြားရာတွင် “ငြိမ်းချမ်းရေးကိစ္စနဲ့ဆက်စပ်ပြီးတော့ ဖြစ်နေတဲ့ကိစ္စတွေမှာ ပြည်နယ်နဲ့တိုင်းဖွံ့ဖြိုးတိုးတက်မှု မမျှတာတွေရှိတယ်။ တစ်ခြား မပြောနဲ့ ရန်ကုန်နဲ့ မန္တလေးတောင် ဖွံ့ဖြိုးတိုးတက်မှုမတူဘူး။ ရန်ကုန်နဲ့ မော်လမြိုင်မတူဘူး၊ ရန်ကုန်နဲ့ ပုသိမ်မတူဘူး။ မတူညီချက်တွေ။ ကွာခြားချက် တွေရှိတယ်။ ရန်ကုန်ကတော့ ရန်ကုန်မြို့ပေါ်နဲ့ အစွန်အဖျားမှာရှိတဲ့၊ ဥပမာ ကွမ်းခြံကုန်းတို့၊ တွံတေးတို့၊ ကော့မူးတို့၊ ဒလတို့၊ မှော်ဘီတို့၊ တိုက်ကြီးတို့၊ အစွန်ဒေသတွေပေါ့၊ ဖွံ့ဖြိုးတိုးတက်မှု တွေကမြို့ပေါ်နဲ့မတူဘူး။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမတူပါဘူး ကွာခြားမှုရှိပါတယ်။ ကျွန်တော်တို့ လိုအပ် တာဘာလဲဆိုရင်၊ တစ်နိုင်ငံလုံးမှာရှိတဲ့၊ ဒေသအားလုံးဟာ ဆူကြုံ အနိမ့်အမြင့်ကွာခြားမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးဖို့လိုတယ်။ အဲ့ဒီဆူကြုံ အနိမ့် အမြင့် ကွာခြားမှုများတဲ့အတွက်ကြောင့် ပဋိပက္ခတွေကျွန်တော်တို့ ဖြစ်နေကြ တယ်။ ပစ္စည်းမဲ့ဒေါသတွေ။  ကွန်မြူနစ်စကား၊ နိုင်ငံရေးစကားပြောရရင် ပစ္စည်းမဲ့ ဒေါသတွေဖြစ်တယ်။ ငါတို့မှာမရှိဘူး။ မင်းတို့မှာရှိတယ်။ ငါတို့မှာ မလုပ်ရဘူး။ မင်းတို့ မှာလုပ်ရတယ်။ ငါတို့မှာမစားရဘူး။ မင်းတို့မှာစားရတယ်။ ငါတို့မှာမဝတ်ရဘူး။ မင်းတို့ မှာဝတ်ရတယ်။ ငါတို့မှာပညာမသင်ရဘူး။ မင်းတို့မှာသင်ရတယ်။ ဒါကွာခြားချက်တွေ ဖြစ်လာတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီကွာခြားချက်ကိုအနိမ့်ဆုံးဖြစ်အောင် ကျွန်တော် တို့ဆောင်ရွက်ပေးရမယ်။ ဟိုတစ်နေ့ကကျွန်တော် ပညာရေးမှာပြောပြတယ်။ ထားဝယ်မှာလည်း ကျွန်တ တယ်။ မြိတ်မှာလည်းကျွန်တော်ပြောတယ်။ ကျွန်းစုမှာလည်း ကျွန်တော်ပြောတယ်။ ပညာရေးကွာခြား မှုတွေသိပ်များနေပါတယ်။ အဲ့ဒီတော့ ပညာရေးကွာခြား မှုမများအောင် ကျွန်တော်တို့ရအောင် လုပ်ရလိမ့်မယ်။ ဒါကြောင့် KG+9 ကို ပြည်နယ်နှင့်တိုင်းအားလုံးကိုရအောင်လုပ်ပေးရမယ်။ ပညာရေးမြှင့်တင်မှု လုပ်ပေး ရမယ်။ ပြည်နယ်နှင့်တိုင်းတွေမှာလုပ်နေတဲ့ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းတွေကိုပိုပြီး တော့ငွေပိုပေးရမယ်။ ဥပမာအားဖြင့် ချင်းတို့၊ ကယားတို့ ပိုပေးဖို့လိုတယ်။ ကျွန်တော်ပြောပြတယ်။ ကျွန်တော်ကိုယ်တိုင်လည်းဒီဟာကိုစိတ်ဝင်စားတယ်။ မျက်ခြည် မပြတ်ကြည့်နေတယ်။ ဘယ်လိုအခြေအနေပေးရင် ဘယ်လိုလုပ်မလဲ ဆိုတာကို စောင့် ကြည့်နေတယ်။ ဆိုလိုတာကတော့ ဒေသတွင်းနဲ့ဒေသအလိုက် ကွာခြားမှုတွေမကြီးမား အောင် ကျွန်တော်တို့သွားရမယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဒါတွေ ကွာခြားချက်တွေ။ ဒေသတွင်း၊ ဒေသအလိုက် ကွာခြားချက်မများအောင်ပြန်လုပ်ရမယ့် ဟာရှိပါတယ်။ ဒီလိုသွား နိုင်ဖို့ဆိုရင် အဓိကအားဖြင့် ပညာတတ်တွေအများကြီးလိုပါ တယ်။ စီးပွားရေးလုပ်မလား။ ပညာမတတ်ရင်ဘာမှလုပ်လို့မရပါဘူး။ ကျန်းမာရေး ကောင်းအောင် လုပ်မလား။ စားရေးသောက်ရေးနေရေးထိုင်ရေး မြင့်ဖို့အတွက်ဆိုလည်း ပညာမတတ်ဘဲ၊ ဝင်ငွေမရှိဘဲလုပ်လို့မရဘူး။ မှောင်ခိုချနေလို့မရဘူး။ မူးယစ်ဆေးဝါး လုပ်နေလို့မရဘူး။ Illegal Trade မှာ၊ ဒီ Production မှာ သွားလုပ်လို့မရဘူး။ တရားဥပဒေနှင့်အညီ၊ သမာအာဇီဝလုပ်ငန်း တွေနဲ့ပဲ ကြီးပွားချမ်းသာ အောင်လုပ်ပေး ရမယ်။ အဲ့ဒါဆိုရင်တော့ အတတ်ပညာ၊ အသိပညာမရှိလို့မရဘူး။ ပညာရေးမြှင့် တင်မှုမလွဲမသွေလုပ်ပေးရမယ်။ ကျေးလက်အရောက် ပညာရေး မြှင့်တင်မှုတွေကို ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။ တိုင်းပြည်အတွက် အရေးကြီးပါတယ်။ အနာဂတ်အတွက် အရေး ကြီးပါတယ်။

ထို့နောက် ပညာရေးမြှင့်တင်မှုများဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ်တန်းစဉ် ကူးပြောင်းနိုင်ရေးအတွက် အတန်း ပညာများ အမှန်တကယ် တတ်မြောက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများပြည့်စုံရန်နှင့် ဆရာ၊ ဆရာမများ အားလုံးဘာသာရပ်အလိုက် ပညာရပ်များအား တတ်ကျွမ်းရန်လိုအပ်ကြောင်း၊ ထို့ကြောင့်မွန်းမံသင် တန်းများဖွင့်လှစ်သင်ကြားပေးရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ အလားတူ ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကိုလည်း တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက် ပေးရန်လိုပြီး စားသောက်ရေး၊ နေထိုင်ရေးနှင့် ဘဝရပ်တည် နိုင်ရေးအတွက်အာမခံ ချက်များရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အုပ်ချုပ် မှုနှင့် ပတ်သက်၍လည်း တာဝန်ထမ်းဆောင်မှုနှင့် ပညာအရည်အချင်းနှင့် အဆင့် အလိုက် ထောက်ပံ့ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးမြှင့်တင်မှုများ ဆောင်ရွက်ရာ တွင် ထည့်သွင်းစဉ်းစားရန်အချက်များ များစွာရှိကြောင်း၊ အလားတူ ကျန်းမာရေး ဝန်ထမ်းများ မွေးထုတ်မှုနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် ဆရာဝန်များ အခက် အခဲရှိကြောင်း၊ ဆရာဝန်များမွေးထုတ်မှုနှင့် ပတ်သက်၍ လာမည့်ပညာသင်နှစ်များတွင် ပညာသင် ကြားရေး၌ နိုင်ငံတော်တာဝန်ထမ်းဆောင်မ ည့်သူမဟုတ်ဘဲ မိမိကိုယ်ပိုင် ဆေးကုသခြင်း လုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ပညာသင်ကြားရေးတွင် ငွေကြေး ကောက်ခံမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမှသာ နိုင်ငံတော်ရှိ ဆေးရုံများအတွက်လိုအပ်သည့် ဆေးဝန်ထမ်းများ လုံလောက်စွာ ဖြည့်တင်းနိုင်မည် ဖြစ်ကြောင်း၊ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍လည်း လက်ရှိ အခြေအနေနှင့်ကိုက်ညီခြင်းမရှိသည့်အတွက်  ပြန်လည်စဉ်းစား ဆောင်ရွက်ကြ ရန်လိုကြောင်း။

မိုးစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ယခုနှစ်အတွင်း စိုက်ပျိုးမှုများအောင်မြင် ဖြစ်ထွန်းပြီး ရာနှုန်းပြည့်နီးပါးအောင်မြင်မှုရရှိကြောင်း၊ သို့သော်အထွက်နှုန်း ပျမ်းမျှ ရာခိုင်နှုန်း တင်း ၇၀ ကျော်ခန့်သာရှိသဖြင့် ရည်မှန်းချက်ဖြစ်သည့် တင်း ၁၀၀ ထွက်ရှိ နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စပါးအထွက်နှုန်း အား ယခုထက်ပိုမိုးတိုးတက်အောင်ဆောင် ရွက်ခြင်းဖြင့် ပြည်ပနိုင်ငံများသို့တင်ပို့ ရောင်းချ နိုင်သောကြောင့်နိုင်ငံခြားဝင်ငွေများ ရရှိမည် ဖြစ်သကဲ့သို့ တောင်သူများ အနေဖြင့်လည်း ငွေကြေးပိုမိုရရှိပြီး ပြည်တွင်းငွေကြေးလည်ပတ်မှု ကိုပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း၊ အလားတူအခြား စိုက်ပျိုးရေး သီးနှံများနှင့် မွေးမြူရေး ထုတ်ကုန်များကိုလည်း ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်လိုအပ်သဖြင့် ကောင်စီ အဖွဲ့ဝင်များ အနေဖြင့် လည်း မိမိတို့ရောက်ရှိရာဒေသများတွင် တိုက်တွန်းပြောကြား ကြစေလို ကြောင်း။

ဒေသဝမ်းစာဖူလုံရေးနှင့်ပတ်သက်၍ အချို့တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဝမ်းစာဖူလုံမှုမရှိ သဖြင့် ဒေသအလိုက်ဝယ်ယူစားသုံးရမှုများရှိကြောင်း၊ ထို့ကြောင့် ဒေသအတွင်း စပါးအထွက် နှုန်းတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်၍ ပြင်ပမှဝယ်ယူ စားသုံးမှုများလျှော့ချနိုင်ခြင်းဖြင့် ဒေသအတွင်းငွေကြေး လည်ပတ် သုံးစွဲမှုများ ကောင်းမွန်ပြီး ဒေသတွင်းတိုးတက်မှုကို ဖြစ်ပေါ် စေမည် ဖြစ်ကြောင်း၊ ထို့အတူစားသုံးဆီများ ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် မကွေးတိုင်းအား ပထမဆီအိုး၊ တနင်္သာရီ တိုင်းဒေသကြီးသည်ဒုတိယဆီအိုးဖြစ်သကဲ့သို့ ရှမ်းပြည်နယ်သည်လည်း ပဲပုပ်၊ နေကြာ၊ နှမ်းနှင့် ပန်းနှမ်းများ စိုက်ပျိုးနိုင်သဖြင့် ဆီထွက် အောင်ဆောင်ရွက်နိုင်မည် ဆိုပါကရှမ်းပြည်နယ်ကိုလည်း တတိယဆီအိုးအဖြစ် ဆောင်ရွက် နိုင်သည် ကိုတွေ့ရှိရကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးကိုလည်း မိမိတို့နိုင်ငံ၏ စပါးကျီအဖြစ် သတ်မှတ်ထား ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများစိုက်ပျိုး ရာတွင် ရယူထားသည့် အချို့မြေများပေါ်တွင် စိုက်ပျိုးမှုများဆောင်ရွက်ထားခြင်း မရှိသည်ကို တွေ့ရှိရ သဖြင့် စည်းကမ်းနှင့်အညီဆက်လက်၍ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိုင်ငံခြားကုန်သွယ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်လျက်ရှိကြကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်သည့် နိုင်ငံတိုင်းတွင် ပြည်တွင်းတိုင်းရင်းသားများရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖြင့် ဆောင်ရွက်ကြ ရကြောင်း၊ မိမိတို့နိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ စနစ်လျှောက်လှမ်းနိုင်ရေး အတွက် တပ်မတော်ကနိုင်ငံတော်တာဝန်အားစတင်တာဝန် ယူချိန်တွင် ဈေးကွက်စီးပွားရေး စနစ်ကို စတင် ဖော်ဆောင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များအား ၁၉၉၀ ပြည့်နှစ်တွင်စတင် လက်ခံခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံ၌ စင်ကာပူ နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံး၊ တရုတ်နိုင်ငံက ဒုတိယအများ ဆုံးနှင့် ထိုင်းနိုင်ငံက တတိယအများဆုံးဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံရေးအကြပ်အတည်းများကြောင့် ရင်းနှီးမြှုပ်နှံမှုများတုန့်ဆိုင်းခြင်းနှင့် ခေတ္တရပ် ဆိုင်းသွားခြင်းများ ရှိကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုတွင် ယခင်နှစ်များက နှစ်စဉ်လိုငွေ ၁ ဘီလီယံခန့် ရှိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ခုနှစ်မှစ၍ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၃၆ သန်းရှိခဲ့ကြောင်း၊ ဆီသုံးစွဲမှုများကိုပါ လျှော့ချနိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေများ ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက် လျက်ရှိ ကြောင်း၊ အလားတူ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး အတွက်လည်း ဆောင်ရွက်ပေးရန် လိုပြီး ပြည်ပမှတင်ပို့မှုများကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။

အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင် အဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်ဟူ၍ အဆင့်ဆင့်ရှိကြောင်း၊ အုပ်ချုပ်မှုလုပ်ငန်းများ ယခုထက်ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်အဆင့် များကိုထပ်မံတိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်လျက်ရှိကြောင်း။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကနိုင်ငံဖွံဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “ နိုင်ငံတွေမှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံဖြိုးပြီး နိုင်ငံ၊ နောက် ဖွံ့ဖြိုးမှုအမြန်ဆုံးနိုင်ငံ OEDC နိုင်ငံ၊ အဲ့တာတွေ ရှိတယ်ဆိုပြီးတော့ ကုလသမဂ္ဂက နေပြောထားတာတွေရှိတယ်။ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံများ စာရင်း Least Developed  Countries ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် ၄၆ နိုင်ငံ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ကိန်းဂဏန်းအရ။ ဖွံ့ဖြိုးဆဲနိုင်ငံက တော့ ၁၅၂ နိုင်ငံရှိပါတယ်။ နောက်တစ်ခါ စက်မှုထိပ်သီးနိုင်ငံ G-7။ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူနိုက်တက်ကင်းဒန်း၊ ယူနိုက်တက်စတိတ်၊ နောက် အီးယူ နိုင်ငံတွေ ပါပါတယ်။ နောက် OEDC နိုင်ငံတွေ၊ အားလုံး ၃၈ နိုင်ငံရှိပါတယ်။ နိုင်ငံတိုင်း မှာ Class ခွဲလိုက်ရင်အဲ့လိုသွားတွေ့တယ်။ ဆိုလိုတာက နိုင်ငံတွေက ကြိုးစားနေရတာပါပဲ။ ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်။ အထူး သဖြင့် နိုင်ငံကို ဦးဆောင်တဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို ကြိုးစားနေရ တာပါပဲ။ အကုန်လုံးကတော့ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး မြင်းရံတာမြင်ချင်သလိုပါပဲ။ အစိုးရဆိုတာလည်း ပြည်သူ၊ ပြည်သားတွေချမ်းသာဖို့ အတွက်။ အာဏာရှင်တွေက လွဲရင်ပေါ့။ အာဏာရှင်တွေက ဒီလိုမျိုးစိတ်ရှိချင်မှလဲ ရှိလိမ့်မယ်။ သာမန်အားဖြင့် နိုင်ငံတစ်ခုကိုဦးဆောင် နေတဲ့ အစိုးရတို့၊ အဖွဲ့အစည်းတွေ ဆိုကတော့ ကိုယ်စားပြုပြီးသားတွေ၊ ကိုယ့်တိုင်း ပြည်ချမ်းသာ ကြွယ်ဝဖို့အတွက် လိုလားတာဖြစ်ပါတယ်။ အကုန်လုံးကြိုးစားနေတာ။ မကြိုးစားရင်၊ မလုပ်ရင်ဘာမှ မဖြစ်ပါဘူး။ လုပ်မှရမှာ။ အလကားနေပြီးတော့ သဘာဝကပေးတဲ့ ဟာလေးနဲ့ ကျေနပ်နေလို့မဖြစ်ဘူး။ ငြိမ်နေလို့လည်း မရဘူး။ တစ်ချို့လည်းမိရိုးဖလာချမ်း သာလို့ ဆိုပြီးတော့ ချမ်းသာကြတာတွေရှိတယ်။ တိုင်းပြည်ရဲ့ထုတ်ကုန်ပစ္စည်းအရချမ်းသာ တာ။ ဥပမာအားဖြင့် ပင်လယ်ကွေ့နိုင်ငံတွေ ဆိုလို့ရှိရင် အရင်တုန်းကဆင်းရဲတယ်။ ရေနံတို့၊ ဓာတ်ငွေ့တို့၊ ထွက်လာတဲ့အခါမှာ ကမ္ဘာမှာ အချမ်းသာဆုံးတိုင်းပြည်တွေ ဖြစ်လာကြတယ်။ ပေးတဲ့သဘာဝကိုက ဖြစ်လာတာ။ ဒီလိုမှမဟုတ်ဘဲနဲ့ သာမန်အား ဖြင့်ရှိတဲ့နိုင်ငံတွေအား လုံးကတော့ ကြိုးစားအားထုတ်မှုနဲ့ အလုပ်လုပ်ကြရမှာဖြစ်ပါ တယ်။ ဒီလိုပဲလူဆိုတာလဲ အလုပ်လုပ်မှကြိုးစားမှပဲ တိုးတက်မှုဆိုတာဖြစ်လာ လိမ့်မယ်။ ဘာမှမလုပ်ရင်တော့ကျန်ခဲ့ မှာပဲဖြစ်တယ်။ ကျွန်တော်တို့တိုင်းပြည်ဘာမှ မလုပ်ရင် ကျွန်တော်တို့တိုင်းပြည် ကျန်ခဲ့လိမ့်မယ်။ ရပ်နေလို့မရဘူး။ အကုန်လုံးက သွားနေကြတယ်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက  Movement အားလုံးနဲ့၊ Activities အားလုံးနဲ့ သွားနေကြတယ်။ လုပ်ဆောင်ချက်အားလုံးနဲ့သွား နေကြတယ်။ ကိုယ့်တိုးတက်မှုကို ကိုယ်ဖန်တီးပြီးတော့ ကြိုးစားလုပ်နေကြတယ်။ အဲ့အချိန်မှာ မလုပ်တဲ့တိုင်းပြည်ကတော့ ကျန်ခဲ့မယ်။ လူလဲဒီလိုပဲ။ မကြိုးစားဘူးဆိုရင် ကျန်ခဲ့မှာပဲ။ အလုပ်မလုပ်ရင်လည်းကျန်ခဲ့မှာပဲ။ ဆိုပါတော့ ပညာသင်ဖို့အတွက် ကျောင်းမနေဘူး ဆိုရင် သူကျန်ခဲ့မှာပဲ။ အလုပ်လုပ်သင့်တဲ့ လုပ်နိုင်တဲ့အချိန်မှာ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး၊ အလုပ်ကောင်းကောင်းမလုပ်ဘူးဆိုလဲ သူကျန်ခဲ့မှာပဲ။ အလုပ်မလုပ်ပဲ နေလို့မရဘူး။ ပညာမသင်ပဲ နေလို့မရဘူး။ ပညာသင်တဲ့အရွယ်မှာ ပညာသင်ဖို့ လိုကိုလိုတယ်။ အလုပ်လုပ် တဲ့အရွယ်မှာ အလုပ်လုပ်ဖို့လည်းလိုတယ်။ စောင့်ရှောက် ရမယ့်အရွယ်မှာ နိုင်ငံတော်က စောင့်ရှောက်ဖို့လည်းလိုအပ်တယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့ကတော့ ကျောင်းတွေဖွင့် ပေးတယ်။ ပညာသင်ဖို့ဖွင့်ပေးထားတယ်။ ဆေးရုံတွေ ဖွင့်ပေးထားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တာအကုန်လုံး ဆောင်ရွက်နိုင်ဖို့ဖွင့် ပေးထားတယ်။ တစ်ခါအလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ရှိရင်လည်း နိုင်ငံမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်ရတဲ့ နယ်ပယ်တွေ အများကြီးရှိတယ်။ ဒီမှာလုပ်ကြဖို့ ကျွန်တော်လမ်းကြောင်းတွေဖွင့်ပေးထားတယ်။ ဒီအပေါ်မှာလည်း စနစ်တကျနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ကျွန်တော်တို့ ကြိမ်ဖန်များစွာ ပေါ့လေ တိုက်တွန်းတယ်၊ နှိုးဆော်တယ်၊ ပညာပေးတယ်။ အစိုးရဌာနများကလည်း ဦးဆောင်ပြီး လုပ်ပေးတယ်။ သို့သော်လည်းပဲတစ်ကယ်လုပ်ရမှာက ဘယ်သူလဲဆိုရင် တာဝန်ရှိတဲ့ ကာယကံ ရှင်တွေကပဲ လုပ်ကြရမှာဖြစ်တယ်။ သူတို့လုပ်ကြရမှာ။ သူတို့ မလုပ်ရင်တော့ ဒီအကျိုး အမြတ်ကို ခံစားရမှာမဟုတ်ဘူး။ ဒီအသီးအပွင့်ကိုခံစားရမှာ မဟုတ်ဘူး။ စောစောကကျွန်တော် ပြောတယ်။ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်တွေ ခံစားချင်တယ်ဆိုရင်လည်း အလုပ်လုပ်မှပဲခံစား ရမယ်။ အလုပ်မလုပ်ပဲနဲ့တော့ မခံစားရနိုင်ဘူး။ ပညာမသင်ပဲနဲ့ ပညာတတ်တွေဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ ပညာသင်မှပဲပညာတတ်တွေဖြစ်နိုင်တယ်။ ပညာတတ်တွေဖြစ်လာမှပဲ အလုပ်အကိုင် အခွင့်အလမ်း တွေကပိုပြီး တော့မှ တိုးတက်ဖန်တီးနိုင်ခွင့် တွေပိုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သတိထားပြီး လုပ်ဖို့လို့ပါတယ်။ ကိုယ်မကြိုးစားရင် ကိုယ့်ကိုသူများက ကျော်တက်သွားမှာပဲ။ အချင်းချင်းကြည့်လိုက်ပါဗျာ မကြိုးစားတဲ့ သူတွေ ကျန်ခဲ့တာပဲ။ ကြိုးစားတဲ့သူတွေ ကျော်သွားတာပဲ။ သူငယ်ချင်းအချင်းချင်းပဲ။ ကြိုးစားအားထုတ်တဲ့ သူက ကျော်တတ်သွားတယ်။ မကြိုစားတဲ့သူကကျန်ခဲ့တာပဲ။ ဒါလူ့သဘောသဘာဝကြည့်လို့ရှိရင် တိုင်းပြည်လဲဒီလိုပဲဖြစ်မှာပါပဲ။ ဒေသလဲဒီလိုပဲ ဖြစ်မှာပါပဲ။ စောစောကပြောတဲ့ ဒေသ အလိုက်ဆင်းရဲကွာခြားမှု၊ ဆူကြုံနိမ့်မြင့်ကွာခြား မှုနိမ့်ပါးချင်တယ်ဆိုလို့ရှိရင် နိမ့်ပါးတဲ့တိုင်း ပြည်ကလဲ ကြိုးစားအားထုတ်မှုနဲ့ လုပ်ရမယ်။ ကိုယ်လည်းကြိုးစားရမယ်။ နိုင်ငံတော်ကလည်း ဖြည့်ဆည်းပေးရမယ်။ ဒေသတွင်းကွာခြားမှုရှိလဲ၊ ဒေသတွင်းမှာလဲ ဒီလိုမဖြစ်အောင် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေကလည်း စီမံခန့်ခွဲပေးရမယ်။ ဒေသမှာရှိတဲ့ကိုယ် ကိုယ်တိုင်လည်း ကြိုးစားရမယ်။ မလုပ်ပဲနဲ့တော့ဘယ်ရမလဲ။ ဒါကြောင့် ဒီသဘာဝကို ကျွန်တော်တို့ နားလည်ပြီးတော့မှ တိုးတက်အောင်ဆောင်ရွက်မယ်ဆိုလို့ရှိရင်၊ ကျွန်တော်တို့ နိုင်ငံဘာလို့ မတိုးတက်စရာ အကြောင်းရှိမလဲဗျာ။ ဘာလို့မတိုးတက်ရမလဲ၊ တိုးတက် တာပေါ့။ ငြိမ်းချမ်းရေးလိုချင် လို့ရှိရင်ငြိမ်းချမ်းတာပေါ့။ စောစောကပြောတဲ့အသီး အပွင့်ခံစားချင် လို့ရှိရင် ငြိမ်းချမ်းရေးကြောင့် ဖြစ်တယ်ဆိုလို့ရှိရင် အဲ့ငြိမ်းချမ်းရေးကို ကျွန်တော်တို့ရအောင်လုပ်မယ်။ ငြိမ်းချမ်းရေးမှာလည်း ဘာကြောင့်ငြိမ်းချမ်းရေးမရလဲ ဆိုရင်လည်း တိုင်းရင်းသားရေးတို့၊ ဒီမိုကရေစီတို့ ဖက်ဒရယ်တို့အကြောင်းပြနေတာ။ ဟုတ်ပြီ။ အဲ့ဒီမှာတကယ့် Fair ဖြစ်တဲ့ ဟာကိုစဉ်းစား။ စဉ်းစားပြီးလုပ်မယ် ကျွန်တော်တို့။ နားလည်တဲ့သူတွေကလည်း နားမလည်တဲ့ သူတွေကို လက်တွဲခေါ်ပေးမယ်။ နားမလည်တဲ့သူတွေကို နားလည်တဲ့ သူတွေကနေပြီးတော့ မြှောက်ထိုးပင့်ကော် လုပ်နေရင်တော့ ပိုဆိုးသွားမှာပေါ့။ နား မလည်တဲ့သူကိုနားလည်တဲ့ သူကနေ လက်တွဲ ခေါ်ပြီးတော့မှ တိုင်းပြည်ရဲ့အကျိုးကို ကြည့်ပြီးလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဘာလို့ ငြိမ်းချမ်းရေးမရစရာအကြောင်းရှိ လဲ။သူတို့မြှောက်ထိုးပင့်ကော်လုပ်နေလို့ ရှိရင်တော့ ဘယ်လိုမှ ငြိမ်းချမ်းစရာ အကြောင်းမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီအကျိုး ခံစားချင်ရင်တော့။ အဲ့အကျိုးကို ခံစားဖို့အတွက်တော့ အားလုံးဝါယမ စိုက်ထုတ်ပြီးလုပ်ဖို့ လိုတယ်ဆိုတာလေး လူ့ရဲ့သဘော သဘာဝကြည့်ပြီးတော့ မြင်လို့ရပါတယ်။ ဒါကြောင့် ကောင်စီဝင်များအနေနဲ့ ဒါကို လည်းထည့်သွင်းစဉ်းစား ပြီးတော့မှ လုပ်ကိုင်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုးတို့က ယခင်အစိုးရလက်ထက်တွင် ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် သဘော တူညီမှုနှင့် နိုင်ငံတကာ စာချုပ်များကို ပြန်လည်သုံးသပ်ပယ် ဖျက်ရေး၊ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ပြီး ၎င်းတို့၏ အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုငယ်များ၏ လူမှုဘဝများ လုံခြုံမှုရှိစေရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများမတည် ဆောင်ရွက်ပေးရေး၊ အုပ်ချုပ်ရေးတွင် အဓိကကျသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများ တာဝန်ပေးအပ်ရာတွင် နိုင်ငံရေးအရောင်အသွေး ကင်းရှင်းပြီး အများကြည်ညို လေးစားသည့်ပုဂ္ဂိုလ်ကို ရွေးချယ်တာဝန်ပေးအပ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ပိုမိုလျင်မြန်လာစေရန် ဆောင်ရွက်သင့်သည့် အစီအမံများ၊ ဘဏ်များ၌ ငွေထုတ်ယူရာတွင် ယခုထက်ပိုမို အဆင်ပြေချောမွေ့စေရေး၊ အကျဉ်းထောင်များရှိ အကျဉ်းသားများ ဉပဒေနှင့်အညီ အခွင့်အရေးရရှိရန် ကြပ်မတ် ဆောင်ရွက်ရေး။

သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ဥပဒေနှင့်အညီ သစ်ထုတ်လုပ်ပြီးသည့် နေရာများ၌ ကျန်ရှိနေသည့် သစ်မြစ်ဆုံ၊ သစ်ငုပ်များကိုထုတ်ယူ၍ အကျိုးရှိစွာအသုံး ပြုနိုင်ရေး၊ မြစ်ဆုံဒေသတွင် ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံ ဇာတများ ထိခိုက် နေမှုကို ကြပ်မတ်ဆောင်ရွက်ပေးရေး၊ တိုင်းရင်း သားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အမွေ အနှစ်များ ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရေး၊ တက္ကသိုလ်များရှိ စာကြည့်တိုက် များတွင် လိုအပ်သည့် ဘာသာရပ်ဆိုင်ရာ စာအုပ်၊ စာပေများ ဖြည့်ဆည်းပေးရေး၊ လွိုင်ကော် မြို့နှင့် ဒီမော့ဆို မြို့နယ်တို့တွင် ပြည်သူများ ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးမှု ရရှိရေးအတွက် လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ရေး၊ ကျိုက်မရော ဘိလပ်မြေစက်ရုံ ပြန်လည်လည်ပတ် နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ခရိုင်များ တိုးချဲ့ဖွဲ့စည်းရေးအတွက်  လျာထားဆောင်ရွက်မှု အခြေ အနေကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီလက်ထက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား  အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးချက် များအပေါ် ပြန်လည်ရှင်းလင်းပြောကြားရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ တောင်သူလယ်သမားများနှင့် အလုပ်သမားများ၏ တွေ့ဆုံပွဲများကို သင့်တော်သည့်အချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်း သားများ၏ အခွင့်အရေးကိစ္စများ စဉ်းစားဆောင်ရွက်ရာတွင် လူမျိုးစုအနည်းငယ် အတွက်သာ စဉ်းစားဆောင်ရွက်ခြင်းမပြုဘဲ တိုင်းရင်းသားအားလုံး၏ အရေးကို စဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများ နှင့်စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် ပါတီနိုင်ငံရေး ကင်းစင်သူများ ဖြစ်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ်ရေး ကဏ္ဍတွင် ပါတီနိုင်ငံရေး အရောင်အသွေး ပါဝင်လာပါက လုပ်ငန်းများဆောင်ရွက်ရာတွင် အခက် အခဲရှိကြောင်း။

အကျဉ်းသားများ ဥပဒေနှင့်အညီ အခွင့်အရေးရရှိရန် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သစ်ထုတ်ပြီးသည့် ဒေသများတွင် သစ်မြစ်ဆုံများ ထုတ် ယူရေးကိစ္စတွင် ဥပဒေနှင့်အညီ ရိုးရိုးသားသား ဆောင်ရွက်ကြရန်လိုကြောင်း၊ မြစ်ဆုံ ဒေသတွင် ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံ ဇာတများ ထိခိုက် နေမှုကို ကြပ်မတ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကယားပြည်နယ်အပါအဝင် အခြားဒေသများ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ တင်ပြကြစေလိုကြောင်း၊ သို့မှသာ အချိန်မီ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်း သားဒေသများရှိ ယဉ်ကျေးမှုပြတိုက် များကို တိုးချဲ့၍ အဆင့်မြှင့် တင်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များရှိ စာကြည့် တိုက်များတွင် လိုအပ်သည့် စာအုပ်စာစောင်များ ဖြည့်ဆည်းပေး နိုင်ရေးအတွက် ရန်ပုံငွေ တိုးမြှင့် ချထားပေးလျက်ရှိကြောင်း။

ခရိုင်များတိုးချဲ့ဖွဲ့စည်းရာတွင် ခရိုင်ဒေသ၏ အားထားရမှု အခြေအနေ၊ သွား လာရေးလွယ် ကူမှုနှင့် အုပ်ချုပ်ရေးအတွက် အရေးပါမှုများကို ထည့်သွင်းစဉ်းစားပါ ကြောင်း၊ ထို့ပြင်ခရိုင် ဒေသ၏ စီးပွားရေးအရ ဖွံ့ဖြိုးမှု၊ ထင်ပေါ်မှုနှင့် အခြားအရေးပါ မှုများကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရကြောင်း၊ ကျိုက်မရောမြို့ ဘိလပ် မြေစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံတွင် ကျိုက်မရော ဘိလပ်မြေစက်ရုံ အပါအဝင် စက်ရုံပေါင်း ၂၀ ရှိကြောင်း၊ စက်ရုံ ၁၀ ရုံမှာ လည်ပတ်လျက်ရှိပြီး အခြားစက်ရုံများမှာ ရပ်ထားရပါကြောင်း၊ မလည်ပတ်နိုင်သည့် စက်ရုံ အချို့မှာ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး စသည့် လိုအပ်ချက်များ မရရှိသည့်အတွက် ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများကို လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးရရှိရေးအတွက် မှာကြားထားပြီး ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းစီးပွား ရေးကို အားပေးလျက်ရှိ ကြောင်း၊ မိမိတို့တာဝန်ယူသည့် အချိန်တွင် ပြည်ထောင်စုနေ့သည် စိန်ရတုနှင့် တိုက်ဆိုင်သည့်အတွက် သမိုင်းမှတ်တမ်းကျန်ရှိစေရန် ခမ်းခမ်းနားနား ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် မိမိတို့ နိုင်ငံနှင့် ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များဖြစ်သည့် လူနေမှုဘဝ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးတို့ တိုးတက်ရမည်ဖြစ်ကြောင်း၊ တိုးတက်ရေးအတွက် လေးစားမှုနှင့် အလေးထားမှုသည် အရေးကြီးကြောင်း၊ လေးစားမှုနှင့် အလေးထားမှုသည် မိမိတို့ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မရှိမဖြစ် ထားရှိရမည့် စိတ်ဓာတ်ဖြစ်ကြောင်း၊ အထူးသဖြင့် အချိန်ကို လေးစားပြီး အလုပ်ကို အလေးထားလုပ်ဆောင်ကြရန်လို ကြောင်း၊ မိမိတို့ လူမှုနယ်ပယ်တွင် အချိန်နှင့်အလုပ်ကို လေးစားမှု၊ အလေးထားမှု အားနည်းနေသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့ ကောင်စီဝင်များအနေဖြင့် ပြည်သူလူထုကို စည်းရုံးဆောင်ရွက်ကြရာတွင် လေးစားမှုနှင့် အလေးထားမှုကို ရှင်းလင်းဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။