ချမ်းမြသာစည်မြို့နယ်၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည် နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ရွေးကောက်ပွဲနှင့်ပတ်သက်သည့် လုပ်ငန်းအကြောင်းအရာများ သမိုင်းကြောင်းများ ရှင်းလင်းပြောကြားပြီး ချမ်းမြသာစည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုသန်းမှ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးစီမံခန့်ခွဲမှုသိကောင်းစရာ အကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိူးလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း ဆက်လက်ကျင်းပဆောင်ရွက်ခဲ့ရာ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်မေမြတ်အောင်က လွှတ်တော်ရွေးကောက်ပွဲဥပဒေများအကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်က လုပ်ငန်းလမ်းညွန်အဆင့်ဆင့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ဆွေက မဲပေးစက်အစိတ်အပိုင်းများနှင့် ကိုင်တွယ်အသုံးပြုနည်းများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းလမ်းညွှန်သင်တန်းကာလကို နိုဝင်ဘာလ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ဆရာ/ဆရာမ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၁၇၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ်(ချမ်းစည်/ပြန်/ဆက်)