ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြအခမ်းအနားကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေး၌ နိုဝင်ဘာ (၂၃) ရက် နံနက် (၈) နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်အလက်များနှင် ရွေးကောက်ပွဲတွင် အသုံးပြုမည့် (MEVM) မဲပေးစက်အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဦးမြင့်ကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တွင် ပါဝင်သည့် ဆန္ဒပြုစက်၊ ထိန်းချုပ်စက်၊ မဲပေးထားမှုအား ဖော်ပြသည့်စက်များအကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့မဲပေးမည့် ကိုယ်စလှယ်လောင်များအား ရွေးချယ်မဲပေးရာ၌ ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်အကြောင်းများအား ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့မဲပေးသရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ခွဲဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့မွန်ကံနှင့်တာဝန်ရှိသူများ၊ ဈေးသူ/ဈေးသားများ၊ ဈေးဝယ်ပြည်သူ၊ စုစုပေါင်း (၅၀၀) ဦးကျော် တက်ရောက်သရုပ်ပြမဲပေးခဲ့ကြောင်းနှင့် မဲပေးစက်အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲအခမ်းအနားများကို ပြည်ပန်းကျေးရွာနှင့် ဆူးလေကုန်းကျေးရွာများတွင် ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)