ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးဆောင်၍ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းတွင် မန္တလေးခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(၁) ဦးသန်းကြွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ရွေးကောက်ပွဲလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရမည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍနှင့် သတင်းမီဒီယာဥပဒေများအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ဥပဒေအရာရှိ ဦးရန်လင်းအောင်က လွှတ်တော်နည်းဥပေဒေအကြောင်းများ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ရွေးကောက်ပွဲအဖွဲ့ဝင်(၁) ဦးသန်းကြွယ်က ရပ်ကျေးကော်မရှင်လုပ်ငန်းလမ်းညွှန်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲအရာရှိ ဦးမင်းစိုးနိုင်က ရွေးကောက်ပွဲစနစ်အကြောင်း၊ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင်မဲရုံ၌ စက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံနှင့် ရွေးကောက်ပွဲဆိုင်ရာသိသင့်သိထိုက်သိများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား/သင်တန်းသူများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါ သင်တန်းသို့ မန္တလေးခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(၁) ဦးသန်းကြွယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲအရာရှိ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဝင်များ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ပြန်/ဆက်)