ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ပြင်ဦးလွင်မြို့နယ်အတွင်း၌ ယာယီနေထိုင်ကြသော နေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေး

ပြင်ဦးလွင် နိုဝင်ဘာ ၂၄

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် မန္တေလးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဗန်းမော်ခရိုင်အတွင်းမှ နယ်မြေအခြေအနေအရ ထွက်ပြေးတိမ်းရှောင်၍ ယာယီခိုလှုံနေထိုင်လျက်ရှိသော နေရပ်စွန့်ခွာပြည်သူများအား နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက မြို့လယ်ရွှေစည်းခုံကျောင်းတိုက်၊ ဆေကိန္ဒာရာမရွှေကျောင်းတိုက်နှင့် သီရိမင်္ဂလာကျောင်းတိုက်တို့ရှိ ဓမ္မာရုံအသီးသီးတို့တွင် သွားရောက်တွေ့ဆုံအားပေးကာ အိမ်ထောင်စုများအတွက်  အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးက မိမိတို့ပြည်နယ်အတွင်းမှ အခြေအနေအရပ်ရပ်ကြောင့် ပြောင်းရွေ့နေထိုင်သည့် မိသားစုများအားလုံးကို ပြည်နယ်တွင်း၌သော်လည်းကောင်း၊ တခြားတိုင်း‌ဒေသကြီးများတွင်လည်းကောင်း ယာယီခိုလှုံနေထိုင်မှုများအတွက် အိမ်ထောင်စုများအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့နိုင်ရေး စီမံထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍  မိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေး လာရောက်တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများမှ ၎င်းတို့၏ လိုအပ်ချက်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် ဗန်းမော်ခရိုင်စားအုန်း ဆီကိုယ်စားလှယ်၊ အလှူရှင် ဦးမြဝင်းထွန်းတို့က အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည်အိတ် ၁ အိတ်၊ ဆီ ၆၀ သား ၁ ဗူး၊ ကြက်ဥ ၁၀ လုံး၊ ငါးသေတ္တာ ၁ ဗူး တို့ဖြင့် အိမ်ထောင်စု ၇၈၀ စုတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာ၍ သီတင်းသုံးနေထိုင်လျက်ရှိသော ဆရာတော် / သံဃာတော်များနှင့် သီလရှင်ဆရာကြီးတို့အား န၀ကမ္မအလှူငွေ ၁၆ သိန်းနှင့် ဆေးပဒေသာပင်အတွက် ၁၀ သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် သီရိမင်္ဂလာကျောင်းတိုက်အတွင်း အိမ်ထောင်စုများ ယာယီနေထိုင်နိုင်ရေးအတွက် ရွက်ဖျင်မိုးကာတဲများ ဆောက်လုပ်နေရာချထားပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)