ဝမ်းတွင်း ဇန်နဝါရီ ၂၈
ပုဂံခေတ် ပေါက်ကန်ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်၍မြန်မာ့ ရိုးရာနွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင် စေတီတော် ၂ ဆူသည် အနော်ရထားမင်းကြီး၏သားတော် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတော်များဖြစ်ပြီး သမိုင်းဝင် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ပွဲတော်များကို ယနေ့တိုင်ကျင်းပခဲ့ရာ ၆၅ ကြိမ်မြောက်ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ဇန်နဝါရီ ၂၉ ရက်နေ့မှ စတင်ကာ မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး နေ့ပိုင်း၌ခြင်းအလှခတ်၊ မြန်မာသံစဥ်အဆိုပြိုင်ပွဲ၊ ညပိုင်းတွင်မြို့ရွှေမန်းသားဖိုးချစ် ဇာတ်အလှသဘင်မှ ကပြဖျော်ဖြေသွားမည်ဖြစ်ရာ ဘုရားကုန်း တော်ပေါ်တွင်လည်း ကလေးများအတွက် ပျော်ရွှင်စရာ ချားရဟတ်နှင့် ပင်လယ်ဓားပြ၊ အိုးပုတ်ချိုးရုပ်၊ ဈေးဆိုင်တန်းများနှင့် အနယ်နယ်အရပ်ရပ်က ဘုရားဖူးများ၊ ပွဲလာပတ်ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီ ၁ ရက်နေ့ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေလွန်းပျံ