မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု (လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၂၉

မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁ဝ နာရီက မြို့နယ်သမဝါယမအသင်းစု (လီမိတက်) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ဦးစွာမြို့နယ်သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌ ဦးကျော်ငြိမ်း သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦးကအစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ သမဝါယမအသင်း ဥပဒေနည်းဥပဒေညွှန်ကြားချက်များအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်လွင်တို့က အသီးသီးလမ်းညွှန်အမှာစကားပြောကြားသည်။ မြို့နယ်သမဝါယမအသင်းစု(လီမိတက်) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာဘဏ္ဍာရေးရှင်းတမ်းများအား အတွင်းရေးမှူးကလည်းကောင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာကို အသင်းစာရင်းစစ်အဖွဲ့ ခေါင်းဆောင်ကလည်းကောင်း ဖတ်ကြားတင်သွင်းသည်။ ၎င်းနောက် ရှေ့လုပ်ငန်းစဉ်နှင့် ဆွေးနွေးချက်များအား ဆုံးဖြတ်အတည်ပြုရန်အမှုဆောင်က ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက် လာသော အသင်းဝင်ကိုယ်စားလှယ်များက ကန့်ကွက်ရန်မရှိ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ