နိုင်ငံတကာနှင့်ပူးပေါင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဇန်နဝါရီ ၂၉

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၂၇ ရက်နေ့တွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲညွှန်ကြားရေးမှူး ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများ ပါဝင်သောအဖွဲ့များနှင့်အတူ ပုဂံယဉ်ကျေးမှုဒေသတွင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  ရှေးဟောင်းအဆောက်အအုံအမှတ် - ၁၅၉၇ (သဗ္ဗညု) ဘုရား၊ ၁၆၇၀(မဟာဗောဓိ)ဘုရားနှင့် ၅၀၅ (အရှေ့ကဿပ)ဘုရားတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းအဆောက်အအုံ အမှတ် - ၁၅၉၇(သဗ္ဗညု)ဘုရားတွင် ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်နေသည့်  တရုတ်ပညာရှင်အဖွဲ့က  ထုံးသားလွှာများသန့်စင်၍ နံရံဆေးရေးပန်းချီ ရှိ/မရှိ စမ်းသပ်ခြင်းနှင့်ပေါင်းကူးအမိုးကျွံ ကျနေခြင်းအား အုတ်အစား ထိုးပြုပြင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယထပ်မြောက် ဘက်ပစ္စယံခုံကို Dry Cleaning နှင့် Wet Cleaning ဖြင့် ချေးချွတ်သန့်စင်ခြင်းကို စမ်းသပ်ဆောင်ရွက်ထားကြောင်း၊ အဆောက်အအုံ၏အခြေအနေအား သိရှိနိုင်ရန် စောင့်ကြည့်စက်များ တပ်ဆင်ထားပါကြောင်း၊ ထိန်းသိမ်းရေးလုပ်ငန်းများကို လျာထားလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြသသည်။

ထို့နောက် အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) အဖွဲ့က ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် ရှေးဟောင်းအဆောက်အအုံအမှတ်-၁၆၇၀(မဟာဗောဓိ) ဘုရားနှင့် ရှေးဟောင်းအဆောက်အအုံအမှတ်-၅၀၅ (အရှေ့ကဿပ) ဘုရားတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ ASI အဖွဲ့မှ ပညာရှင်များက အင်္ဂတေပန်းတော့လက်ရာများ ချေးချွတ်သန့်စင်ခြင်းလုပ်ငန်းကို အဆင့်(၆)ဆင့်ဖြင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမဦးစွာ Nylon Assorted Brush အသုံးပြု၍ Dry Cleaning ပြုလုပ်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် (Ammonia 2 ml + Water 1000 ml, Non Ionic Detergent) အသုံးပြု၍ Wet Cleaning ပြုလုပ်ခြင်း၊ တတိယအဆင့်အနေဖြင့် Sodium Hypochloride အသုံးပြု၍ Bleaching Treatment ပြုလုပ်ခြင်း၊အကယ်၍ အဆင့်(၃)ဆင့် ဆောင်ရွက်ပြီး ဖုန်ချေးများ မပြောင်စင်ပါက Retreatment ပြန်လည် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စတုတ္ထအဆင့်အနေဖြင့် Consolidation (Wacker OH-100) ပြုလုပ်ခြင်း၊ ပဉ္စမအဆင့်အနေဖြင့် Fungicidial Application (မှို၊ ရေညှိများ ဖယ်ရှားခြင်း)၊ နောက်ဆုံးအဆင့်အနေဖြင့် Water Repellent ကို Preservative Coating (Siloxane Silane 1 ml + Turpentine 16 ml) အသုံးပြု၍ ဆောင်ရွက်ခဲ့ပါကြောင်းရှင်းလင်းတင်ပြခဲ့ရာ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အဆင်ပြေချော‌မွေ့စေရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း