အမရပူရ ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အားကစားပညာအသင်းနှင့် ရူပဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ အထိ တစ်ဖက်တစ်ဂိုးစီ သရေဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး အချိန်ပို ဒုတိယပိုင်းတွင် အားကစားပညာအသင်းက ရူပဗေဒအသင်းကို အနိုင်ဂိုးသွင်းယူပြီး နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဘောလုံးပြိုင်ပွဲကျင်းပရေးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းဦး၊ ဖူဆယ်ပြိုင်ပွဲကျင်းပရေးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်လင်း၊ ဖူဆယ်ပြိုင်ပွဲကျင်းပရေးအားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်း တို့က အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆု ရရှိကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်းဆုများ၊ နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မော်မော်စိုးက ပထမဆုရ ဓာတုဗေဒနှင့်ဇီဝဓာတုဗေဒအသင်းအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုတို့ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဘောလုံးပြိုင်ပွဲကျင်းပရေးအားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာလဲ့လဲ့ဝင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)မှ ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာဦးဝင်းနိုင်တို့က အမျိုးသားဘောလုံးပြိုင်တွင် ဒုတိယဆု၊ တတိယဆု ရရှိကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်းဆုများ၊ နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရ အားကစားပညာအသင်းအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုတို့ကို ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
စိုးသီဟ(အမရ)