မိုင်းယောင်းမြို့ ပုဗ္ဗဝိဇယစေတီ၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းဖွင့်ပွဲကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပေါ်တော်မူဗုဒ္ဓရုပ်ပွားတော်များ ကိုးကွယ်ရာဖြစ်သော ရှေးဟောင်းသမိုင်းဝင် ပုဗ္ဗဝိဇယစေတီတော်မြတ်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲပဋ္ဌာန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက ဘဒ္ဒန္တဘဒ္ဒိယအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ပူဇော်သည်။

ထို့နောက် ငါးပါးသီလခံယူဆောက်တည်ကြပြီး ပဋ္ဌာန်းအမွှမ်းဂါထာကို ရွတ်ဖတ်ကာ ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များ၊ ဧည့်ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေပါဠိတော်ကို သံပြိုင်ရွတ်ဆိုပူဇော်ကြသည်။ ၎င်းနောက်တာဝန်ရှိသူများက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ ပေါ်တော်မူဗုဒ္ဓရုပ်ပွားတော်များ ကိုးကွယ်ရာဖြစ်သော ရှေးဟောင်းသမိုင်းဝင် ပုဗ္ဗဝိဇယစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ရွတ်ဖတ်သရဇ္ဈာယ်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း