မိုးညှင်း ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်း(ရှမ်းပိုင်း)ရပ် ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄)ကြိမ်မြောက် ဇောတိရှမ်း စုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီ (၂၉) ရက် မွန်းလွဲ (၂) နာရီက အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဦးစွာ မောင်ရှင်လောင်းများအား ရှင်သာမဏေမပြုမီ ၎င်းကျောင်း၌ မောင်ရှင်လောင်းများမှ သတ်မှတ်နေရာတွင် ခဲဘွယ်စားစရာများ သုံးဆောင်နိုင်ရန်အတွက် ရှင်လောင်းများအား တန်းစီလှည့်လည်ရာတွင် ရှင်မိရှင်ဖများနှင့် ပွဲလာဧည့်ပရိတ်သတ်များက ရှင်လောင်းများအတွက် ခဲဘွယ်စားစရာများကို လောင်းလှူကြခြင်းနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းများ ပြုလုပ်ကြပြီး ရှင်လောင်များမှ ခဲဘွယ်စားစရာများ သုံးဆောင်ကြပြီးနောက် ဆရာတော်ကြီးများအပါဝင် သံဃာတော်များမှ အဆိုပါရှင်လောင်းများအားဝတ်နည်းတော်များအရ ပဗ္ဗဇ္ဇိတ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှောက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရှင်ပြုပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ ဇောတိရှမ်းဘာသာဝင်များက လာရောက်ရှင်ပြုကြလျက်ရှိရာ ယခုအခါတွင် ရှင်သာမဏေ စုစုပေါင်း အပါး(၇၀)ရှိပြီးတနေ့လျှင် ရှင်သာမဏေ အပါး(၂၃)ပါးစီဖြင့် လေးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်းကြောင်း သိရသည်။
ဇောတိရှမ်းတို့၏ စုပေါင်းရှင်ပြုပွဲတော်ကို မြန်မာတစ်နိုင်ငံလုံးတွင် မိုးညှင်းမြို့ရှိ ပညာလင်္ကာရဇောတိ ရှမ်းကျောင်းတစ်ခုတည်းတွင်သာ ပြုလုပ်လေ့ရှိသဖြင့် တစ်နိုင်ငံလုံးရှိ ဇောတိရှမ်းဘာသာဝင်များသည် ပွဲတော်ရက်မတိုင်မီက တကြိုတင်ရောက်ရှိလာကြကာ ပွဲတော်ကျင်းပမည့် နန့်ရင်းချောင်းသဲသောင် ပြင်၌ တည်းခိုတန်းလျားများတွင် အခမဲ့တည်းခိုနေထိုင်စေလျက်ရှိသည်။
ထိုသို့တည်းခိုနေထိုင်ကြရင်း မိမိတို့ သယ်ယူလာသော ရိုးရာအဝတ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဒေသထွက်အစားအစာများ၊ ရိုးရာအစားအစာများအပြင် မိုးညှင်းမြို့ပေါ်မှ စျေးသည်များက ခင်းကျင်းရောင်းချကြသဖြင့် ပွဲတော်ရက်မတိုင်မီကပင် စတင်စည်ကားလျက်ရှိကြပြီး ပွဲတော်ရက်တွင်လည်း ပွဲတော်သို့လာရောက်ကြသည့် ပွဲလာဧည့်ပရိတ်သတ်များကိုလည်း စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေး ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ညအခါတွင်လည်း ရှင်မိရှင်ဖများနှင့် ဧည့်ပရိတ်သတ်များကို ဓမ္မတရားတော်များ ဟောကြားပေးလျက်ရှိပြီး တရားတော်များကို စိတ်အေးချမ်းသာစွာဖြင့် နာယူကြလျက်ရှိကြောင်း၊ ပွဲခင်းတွင်လည်း ပွဲလာဧည့်ပရိတ်သတ် ပြည်သူများက ပျော်ရွှင်စွာဖြင့် စျေးရောင်း စျေးဝယ်ကြသူများ စည်ကားများပြားလျက်ရှိကြောင်းနှင့် အဆိုပါစုပေါင်းရှင်းပြုပွဲတော်ကို ရိုးရာအစဉ်အလာအရ သုံးနှစ် တစ်ကြိမ် ကျင်းပလာခဲ့သည်မှာ ယခုအခါတွင် (၂၄)ကြိမ်မြောက်ထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း