ပူတာအို ဇန်နဝါရီ ၃၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် မြစိမ်းရောင်အတိုးရငွေတို့ဖြင့် ဆောင်ရွက်သည့် ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ဂျူဗလီကျေးရွာ ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ်ရှေ့၌ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဝမ်/လီဆူစာပေနှင့် ယဉ်ကျေးမှု အသင်းများ၊ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ အစီအစဉ်ပထမပိုင်းတွင် ရဝမ်ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ခရိုင်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်၊ ဂျူဗလီကျေးရွာတာဝန်ခံ ဦးရဲဆာယဲ့တို့က ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်းအား ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာကိုယ်စား ဒေါ်Dဇမီရမ်က အဆောက်အအုံသစ် ဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးနှင့်အခမ်း အနားတက်ရောက်လာသူများက လီဆူယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသော ရဝမ်၊ လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဂျူဗလီကျေးရွာ ဂျူဗလီဘက်စုံသုံးခန်းမဆောင်အား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း (၁၅.၀၀)၊ မြစိမ်းရောင် အတိုးရငွေ ကျပ်သန်း(၁၅.၀၀)နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သန်း(၃,၅၀)၊ စုစုပေါင်းကုန်ကျငွေ ကျပ်သန်းပေါင်း(၃၃.၅၀)ဖြင့် အလျား (၅၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၀)ပေ၊ တမံတလင်းခင်း၊ ပျဉ်ကာ၊ သွပ်မိုး အဆောက်အအုံအမျိုးအစားဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် လုပ်ငန်းပြီးစီးမှု (၁၀၀)ရာခိုင်နှုန်း ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)