သီပေါမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာအေးက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ ပြသဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီးနောက် ‌မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များစသည့်   ပြည်ထောင်စုနေ့နှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်