ဘားအံ ဖေဖော်ဝါရီ ၅
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်းတွင် (၄) ခန်းတွဲ (၅) ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦနှစ်လုံးဖွင့်ပွဲကို ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ဝန်ထမ်းများသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် ဝန်ထမ်းများ၏နေထိုင်မှုဘဝ အဆင်ပြေစေရေးအတွက် ဝန်ထမ်းအိမ်ရာများသာမက ပြည်သူများ နေထိုင်မှုအဆင်ပြေစေရေး ပြည်သူ့အငှားအိမ်ရာများကိုပါ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နောင်လာမည့်ဘဏ္ဍာနှစ်များတွင်လည်း ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ပြည်နယ်အတွင်း နေရာဒေသစုံတွင် စဉ်ဆက်မပြတ်ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အိမ်ရာများတွင် နေထိုင်ကြမည့်သူများအနေဖြင့် စည်းကမ်းချက်များနှင့်အညီ မိမိတို့၏ကိုယ်ပိုင်အိမ်များကဲ့သို့ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၁၄၄ ဒဿမ ၄၀၀ သန်းကျော်စီ အကုန်အကျခံတည်ဆောက်ခဲ့သော (၄) ခန်းတွဲ (၄) ထပ် အဆောက်အဦ (၂) လုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှု အဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါအဆောက်အဦများတွင် နေထိုင်ကြမည့် ဝန်ထမ်းမိသားစုများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ကရင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ထိ ဝန်ထမ်းအိမ်ရာ (၈) လုံး အခန်းပေါင်း (၁၄၈) ခန်း၊ ပြည်သူ့အငှားအိမ်ရာ (၂) လုံး၊ အခန်းပေါင်း (၃၂) ခန်းတို့ကို ဝန်ထမ်းများနှင့်ပြည်သူများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)