စာဂမုတ္တိ အကျွတ်အလွတ်စေတီတော်အား ပဥ္စမအကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ

ဒဂုံတောင် အောက်တိုဘာ ၆

ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အမှတ် (၅၃)ရပ်ကွက် မြို့နယ်ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှဘုရား) စေတီတော်ပရဝုဏ်အတွင်းရှိ တနင်္ဂနွေထောင့်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် စာဂမုတ္တိအကျွတ်အလွတ်စေတီတော် ပဥ္စမအကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါစေတီ၌ ပြုလုပ်သည်။

 ဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အမှတ် (၅၄)ရပ်ကွက်ရှိ ဓာတုဓိဋ္ဌာန်ကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တစန္ဒာသိရီအမှူးပြုသော သံဃာတော်အရှင်သူမြတ်များက စာဂမုတ္တိအကျွတ်အလွတ်စေတီတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ကြ‌ကြောင်း သိရသည်။

ဆက်လက်၍ ဆရာတော်ထံမှ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ စာဂမုတ္တိ အကျွတ်အလွတ်စေတီတော် အလှူရှင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ဘုရားဒါယိကာမကြီး ဆရာမ ဆုလဲ့ဝတီနွယ်(ခ) ဒေါ်သန္တာနွယ် (အကြားအမြင် မနောပညာရှင်၊ ဝိညာန်အထူးဟောခန်း) (မြန်မာနိုင်ငံဗေဒပညာရှင်များအဖွဲ့ချူပ်-ဗဟို)နှင့် တပည့်သားသမီးများက ဓမ္မဝိသုဒ္ဓိ အောင်ဇေယျုံသနာ့ဗိမာန်ကြီး၌ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ထံ ဒါတဗ္ဗဝတ္ထုများ ဆက်ကပ်ကာ အနုမောဒနာတရား နာယူကြသည်။ 

ထို့နောက် သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။

သန်းသန်းအေး