သီတင်းကျွတ် လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ဆက်ကပ်ပွဲနှင့်ဆီမီး (၁၁၁၁၁) စုပေါင်းထွန်းညှိပူဇော်ဆက်ကပ်ပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၆

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ဆက်ကပ်ပွဲနှင့်ဆီမီး (၁၁၁၁၁) စုပေါင်းထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ယမန်နေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းစုရပ်မှ ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများပင့်ဆောင်လျက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

ထို့နောက် လျှပ်စစ်မီးစေတီများ စုပေါင်းပူဇော်ဆက်ကပ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်ရာဟု ထောင့်အောင်မြေအနီးရှိ ချမ်းသာကြီးတန်းဆောင်၌ ကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများကို ပန်းရေချမ်း၊ ဆီမီးနံ့သာများဖြင့် ဆက်ကပ်လှူဒါန်း​ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး “နီလာ နီလာ” အစချီသော မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ခြင်း၊ “သောဝဏ္ဍိကံ” အစချီသော ရွှေတိဂုံဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာကပ်လှူပူဇော်ခြင်း၊ “ဘဂဝန်ဘုန်းလှိုင်” အစချီ သော မဟာပဋ္ဌာန်းတိုက်တွန်းလွှာဖြင့် ရွတ်ဆိုတိုက်တွန်းခြင်း၊ မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ ပါဠိတော်ကို ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေ၊ သာဓုခေါ်ဆို ခြင်းတို့ ဆောင်ရွက်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများကစုပေါင်း၍ ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများအား ရာဟုထောင်အောင်မြေအနီးရှိ ချမ်းသာကြီးတန်းဆောင်၌ ယနေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ သုံးရက်တိုင်တိုင် ပူဇော်ခံထွန်းညှိပူဇော်မည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)