ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူး၍ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်လှစ်

ဒဂုံ အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူး၍ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ပထမကျော်ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးက သြဝါဒကထာ မြွက်ကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချူပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းသား သံဃာတော်များအတွက် သင်တန်းဆိုင်ရာစာအုပ်များ၊ စာရေးကိရိယာများကို အလှူရှင်များက ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက်  တိပိဋကာလင်္ကါရစာသင်တိုက် ဦးစီးပဓာနနာယက ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဝိနိယဓရ၊ ဝိနယ ကောဝိဒ၊ ဒီဃဘာဏက ၊ ဒီဃနိကာယဝိဒူ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓအဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းလျှေက်ထားပြီး နိဂုံးချုပ်သြဝါဒကထာမြွက်ကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သံဃာတော် ၃၃၀ ပါးတို့က သံဃနာယကလက်စွဲ သံ/ စည်း လုပ်ထုံးများ၊ ဝိနိစ္ဆယ၊ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားလွှာများ၊ ဥပဒရေးရာများကို အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်နေ့ထိ၊ နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ထိ တက်ရောက်သင်ယူကြရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)