ကျောက်ဆည် နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထားကာ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်းနှင့် ဒါန်းတိုင်ကျေးရွာ ဦးမင်းမင်း စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရသည်။
ဒါန်းတိုင်ကျေးရွာသည် စမာတိုက်နယ်တွင်ပါဝင်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး ငရုတ်သီးနှံ(၁၅၀)ဧက စိုက်ပျိုးထားပြီး အခြားကျေးရွာအုပ်စုများဖြစ်သည့် ရန်ဘက်လိုကျေးရွာအုပ်စုတွင်(၂၂)ဧက၊ ပေတောကြီး ကျေးရွာအုပ်စုတွင်(၆၂)ဧက၊ ဘုံကွင်းကျေးရွာအုပ်စုတွင် (၅၀)ဧက၊ စင်းကွန်းကျေးရွာအုပ်စုတွင်(၅၅)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ငရုပ်သီးနှံများစိုက်ပျိုးရာ၌ အကျိုးအမြတ်ရရှိရေး ရာသီဥတုနှင့်နေရာဒေသအလိုက် ငရုတ်သီးအစိမ်း ခူးဆွတ်ရောင်းချနိုင်သည့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ ဧကများစွာစီးပွားဖြစ်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုး စိုက်ပျိုးကြကြောင်း၊ ငရုပ်သီးနှံသည်ကာလရှည် သီးနှံဖြစ်သောကြောင့် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်းစိုက်ပျိုးခြင်း၊ နှစ်ပင်တန်းစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အပေါ် မူတည်၍ ငရုတ်သီးနှံကို အသီးအစိမ်းခူးဆွတ်ရောင်းချသကဲ့သို့ အသီးအမှည့်ခူးဆွတ်ကာ အခြောက်လှန်း၍ ရောင်ချခြင်းများပြုလုပ်ကြကြောင်း ငရုပ်စိုက် တောင်သူများထံမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)