ပုသိမ်ကြီး နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ အဖွဲ့ဝင် ဦးညွန့်ဆန်း၊ အဖွဲ့ဝင် ဒေါ်လွင်လွင်နု၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်၊ ဖိတ်ကြားထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောရာတွင် '' ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်လျက် ရှိသည့်အတွက် မီးသတ်တပ်ဖွဲ့ကလဲ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန် (၄)ရပ်ကို အောင်မြင်စွာ ဆောင်ရွက်သွားရမှာဖြစ်တယ်။ မြို့နယ်အတွင်း ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အချိန်ထိ မီးလောင်မှု (၁၃)ကြိမ်၊ ဆုံးရှုံးတန်ဖိုးမှာ ကျပ်ငါးရာငါးဆယ့်တစ်သိန်းနှစ်သောင်းနှစ်ထောင်ငါးရာခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး၊ မီးလောင်မှုလျော့နည်းကျဆင်းအောင် အစွမ်းကုန်ကြိုးစားကြရမှာ ဖြစ်တယ်။ မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်ကြရန်၊ ကူညီစောင့်ရှောက်သွားရန်၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုရအောင် လုပ်ဆောင်ကြရန်၊ အားကိုးယုံကြည်ရတဲ့ မီးသတ်တပ်ဖွဲ့ဖြစ်စေရေး တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် မြှင့်တင်ကြရန်၊ မီးသတ်တပ်ဖွဲ့၏ အစဥ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ကြိုးစားဆောင်ရွက်ကြဖို့'' ပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် သင်တန်းသား (၅၀) ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းကာလကို နိုဝင်ဘာ (၁၀)ရက်နေ့မှ ဒီဇင်ဘာလ (၅)ရက်နေ့ထိ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်