မဟာ‌အောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

မဟာအောင်မြေ နိုဝင်ဘာ ၁၁

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ရတနာကောသဘုရားဝင်းအတွင်းရှိ မန်းသိရိန်ဓမ္မာရုံ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးစိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဦးစွာ  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးသက်နိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တို့က အမှာစကား‌ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ်ရုံး ဦးစီးအရာရှိ ဦးကောင်းမြတ်ကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အတွင်းရေးမှူး ဦးရဲမင်းလွင်တို့က မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံရေးပါတီဝင်များမှ သိရှိလိုသည်များအား မေးမြန်းမှုအပေါ် တာဝန်ရှိသူများမှ ပြန်လည် ဖြေကြားခဲ့သည်။

ထို့‌နောက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်ခြင်း ပြုလုပ်သည့်နေရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်တို့မှ လာရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း