ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌  ၂၀၂၅ခု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိရေးအတွက် စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်နှင့် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ရုံးမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာပါတီများမှ ကိုယ်စားလှယ်များက ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခဲ့မှုနှင့် ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများ မှလျှောက်ထားမှု ပုံစံအမျိုးမျိုးဖြင့် လျှောက်ထားမှုအပေါ် ဒုတိယအကြိမ်စာရင်းတွင် ပါ/မပါ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများနှင့် မြေပြင်ရှိ လူဦးရေစာရင်းများအားတိုက်ဆိုင်စစ်ဆေးခြင်းစသည်ဖြင့် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)