ဒေါပုံမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်

ဒေါပုံ    နိုဝင်ဘာ    ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဒုတိယအကြိမ်မဲဆန္ဒရှင် ပြည်သူများစာရင်းကို ကပ်ထားကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိစေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ  ဒေါပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထူးထက်ကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းစိန်က ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာပြီးနောက်ရွေးကောက်ပွဲဆိုင်ရာ ပြဌာန်းထားသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ဆက်လက်၍မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်တင့်တင့်ထွန်းက မဲစာရင်းများပြည့်စုံမှန်ကန်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်‌ရောက်လာသည့် နိုင်ငံရေးပါတီ အသီးသီးမှကိုယ်စားလှယ်များနှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများက အကြံပြုဆွေးနွေးခဲ့ကြပါသည်။ 

ဒေါပုံမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပြုလုပ်သွားမည်ဖြစ်ရာ ပထမအကြိမ်မဲဆန္ဒရှင်များစာရင်းကပ်ထားကြေညာပြီး နောက်တွင် အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူဦးရေ(၄၂၈၇၉)ဦးရှိပြီး လျာထားမဲရုံ (၃၈) ရုံရှိကြောင်းလည်းသိရသည်။

ချစ်စုဝေ(ပြန်/ဆက်)