တာမွေမြို့နယ်တွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

တာမွေ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းစီစဉ်ကျင်းပသော (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဝင် စာရေးဆရာမ မြမဉ္ဇူဝေ (ကျုံမငေး) က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးတို့၏ အမည်နှင့်ပညာအရည်အချင်းများ၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများမှ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဝင် စာရေးဆရာမ မြမဉ္ဇူဝေ (ကျုံမငေး) က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများသည် ခန်းမအတွင်း ပြသထားသော (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ရှေးဟောင်းသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ဂုဏ်ပြုကဗျာများနှင့် ဆောင်ပုဒ်များ ပါဝင်သော နံရံကပ်စာစောင်များ၊ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယခုလို အသိပညာပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)