ထန်းတပင် နိုဝင်ဘာ ၁၂
ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သုတေသနအရည်အသွေးများ တိုးတက်လာစေရန်၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်းကာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုစေရန် ရည်ရွယ်၍ သုတေသန စကားဝိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာသုနန္ဒာက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲကို ဒုတိယပါမောက္ခချုပ် ဒေါက်တာထိပ်တင်ဟန်က ဦးဆောင်ဆွေးနွေးသူအဖြစ် စတင်ကာ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲတွင် ကုန်ထုတ်ဓာတုဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာသင်းသင်းခိုင်၊ ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာတို့တို့ဝင်းကြည်၊ ရူပဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာ မြတ်ရွှေဝါ၊ ပထဝီဝင်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ရီရီသန်း၊ အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဝင်းမဥ္ဇူနှင့် ဥပဒေပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာသီတာမြင့်တို့က သုတေသနဒီဇိုင်း၊ သုတေသနလုပ်ငန်းအဆင့်ဆင့်၊ သုတေသနအမျိုးအစားများ၊ သုတေသနအစိတ်အပိုင်းတစ်ခုစီ၏ ဝိသေသလက္ခဏများ၊ သုတေသနတွေ့ရှိချက်ကို ဖတ်ကြားတင်သွင်းခြင်းနှင့် Literature Review၊ AI နည်းပညာအကြောင်း စသည့် ခေါင်းစဉ်များဖြင့် စကားဝိုင်းကို ဆွေးနွေးခဲ့ကြကာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူ ဒုတိယပါမောက္ခချုပ် ဒေါက်တာထိပ်တင်ဟန်နှင့် ပါမောက္ခဌာနမှူးများက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပြန်လည်၍ ရှင်းလင်းခဲ့ကြသည်။
သုတေသနစကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)