ထန်းတပင်မြို့နယ်၌ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့တွင်းသို့ တတိယမြောက်နေ့ဒေသစာရီကြွချီအပူဇော်ခံယူ

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နိုဝင်ဘာလ (၈)ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြပြီး ယမန်နေ့တွင်လည်း တတိယမြောက်နေ့ အဖြစ်  မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံယူပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို နှစ်စဥ်တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့အထိ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် ရာသီဥတုအခြေအနေများကြောင့် တန်ဆောင်မုန်း လပြည့်ကျော်(၄)ရက် ရက်နေ့မှတန်ဆောင်မုန်းလပြည့်ကျော်(၆)ရက်နေ့အထိ သုံးရက်တိုင်တိုင် (၁၆၂)ကြိမ်မြောက်အဖြစ် ဒေသစာရီကြွချီအပူဇော်ခံပွဲကိုရက် ပြောင်းရွေ့ကာ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

ဒေသစာရီ ကြွချီအပူဇော်ခံရာတွင်လည်း ရပ်ကွက်နေပြည်သူများမှ ဆီးမီး၊ ပန်း၊ ရေချမ်း၊ အမွှေးနံသာများ ထွန်းညှိပူဇော်ခြင်း၊ သစ်သီးများနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိပြီး ထန်းတပင်မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံရာ လမ်းတလျှောက်တွင်လည်း ဂေါပကအဖွဲ့ဝင်များ၊ ယောဂီအဖွဲ့များနှင့် လူငယ်အဖွဲ့များက လိုက်ပါကုသိုလ်ယူဆောက်ရွက်ခဲ့ကြသလို စေတနာရှင်၊ အလှူရှင်များကလည်း သက်ဆိုင်ရာရပ်ကွက်များအလိုက် ယာယီမဏ္ဍပ်ဆောင်များ ဆောက်လုပ်ကာ စတုဒီသာကျွေးမွေးလှူဒါန်းလျက်ရှိကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်