ဒလမြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ

ဒလ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်စကားဝိုင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အ.ထ.က ရခိုင်ချောင်ကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင် ဦးရွှေလှိုင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သီတာ၀င်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်အာဃာတခေါင်းစဉ်ဖြင့် Grade-11 မှမလင်းလက်နေခြည်ကလည်းကောင်း၊ လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် Grade-10 မှ မောင်အာကာလွင်ဦးကလည်းကောင်း၊ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် Grade-11 မှ မ‌ယွန်းရွှေရည်ဦးကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့် Grade-10 မှ မပန်းဝတ်လွှာနှင့် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် Grade-10 မှ မောင်ညီလင်းထက်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများ ဆက်လက်ကျင်းပရာ အလယ်တန်း၊ အထက်တန်းအဆင့်၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်း‌ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် အ.ထ.က ရခိုင်ချောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီညွန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင် ဦးရွှေလှိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာဗဟုသုတရဖွယ် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။       

ရဲရင့်သူ (ပြန်/ဆက်)