ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၉၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၂

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၇) ကြိမ်မြောက်ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦး‌မျိုးအောင်ဌေးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီးထုတိအနုမောဒနာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက်ရွှေတိဂုံ‌စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကသြဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ပါဠိပါရဂူဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူကြသည်။

အလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင်၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ရွှေသင်္ကန်းတော်ရွှေပြားအလှူရှင် ( ၄၅ )ဦးက ၆ ကျပ်သားရွှေပြား ၁ ချပ်၊ ၁ ကျပ်သားရွှေပြား ၉၃ ချပ်လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၁၀၉) ဦးအပါအ၀င်လှူဒါန်းငွေ အသီးသီးလှူဒါန်းခဲ့ကြသည်။

အောင်မြင့်