ရန်ကုန် နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်းသင်တန်းကို နိုဝင်ဘာလ(၁၂)ရက်နေ့ကဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ သင်တန်း သား၊ သင်တန်းသူ (၆၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်မှ ဌာန၏ရည်ရွယ်ချက်များကို ရှင်းလင်းပြီး လယ်သမားများနှင့် မှန်မှန်ကန်ကန် ထိတွေ့၍ စစ်တမ်းကောက်ယူကာ အမြင့်ဆုံးထွက်သည့် တောင်သူနှင့်အနိမ့်ဆုံးထွက်သည့် တောင်သူသည် အဘယ့်ကြောင့် ကွာဟလျော့နည်းရသည်ကို ဆန်းစစ်ရန်၊ အထွက်နှုန်းကွာဟမှုသည် မြေကြောင့်လား၊ မျိုးကြောင့်လား ပိုးကြောင့်လား ရေကြောင့်လား နည်းပညာကြောင့်လား ဆိုသည်များကိုလေ့လာ၍ စပါးပန်းတိုင်အထွက်နှုန်း ရရှိရေးကို ဦးတည်ဆောင်ရွက်ရန်နှင့် ပန်းတိုင် (၁၃) မျိုးနှင့် အခြားအရေးကြီးသည့် သီးနှံများ ကိုလည်း အလေးထား ဆောင်ရွက်ရန်တို့ကိုရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် သီးနှံကာကွယ်ရေးရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းစန်းဝင်း၊ သန်လျင်ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်နှင့် တိုင်းစီမံကိန်း ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာချိုတို့က တက်ရောက်လာကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူများကို စပါးပန်းတိုင်အထွက်နှုန်းရရှိရေးကို ဦးတည်သည့်တောင်သူများ ပူးပေါင်းပါဝင်သည့် အထွက်နှုန်းကွာဟချက်များကို လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်များ၊ သုတေသနစစ်တမ်းမေးခွန်းလွှာပြင်ဆင်ခြင်း၊ အချက် အလက်များ စာရင်းသွင်းခြင်းနှင့် စစ်ဆေးခြင်းများနှင့်ပတ်သက်၍ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်