မြောက်ဥက္ကလာပ နို၀င်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ပြည်စုံမှန်ကန်မှုရှိစေရေး ယမန်နေ့ နေ့လယ်ပိုင်းက တာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးသူနှင့်အဖွဲ့၀င်များ၊ သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ မကြာမှီကျင်းပပြုလုပ်မည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ပြည်စုံမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေးလျှောက်ထားကြရန်၊ မဲဆန္ဒရှင်များက လိုအပ်သည့်တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများတင်ပြရာတွင် အချိန်ပိုမိုရရှိစေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်မှ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်ထုတ်ပြန်ထားရှိပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်လျှောက်ထားရာတွင် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် ပထမအကြိမ်အဖြစ်မဲစာရင်း ကြေညာရာတွင် မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူစုစုပေါင်း (၁၇၈၀၉၂) ဦးရှိကြောင်း သိရသည်။
သက်လွင်စိုး