တာမွေမြို့နယ်ရှိ “ရွှေဗဟို”အထွေထွေရောဂါကုဆေးရုံတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တာမွေ နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ “ရွှေဗဟို” အထွေထွေရောဂါကုဆေးရုံတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါဆေးရုံဝင်းအတွင်း မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် တာမွေမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါဆေးရုံဝင်းအတွင်း အကြောင်းအမျိုး မျိုးကြောင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေးပစ္စည်းများ ဖြစ် သည့် မီးချိတ်မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင် ဆောင်ရွက်ထားရှိမှုများစသည့်ဖြင့် မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား မီးသတ်ဆေးဘူးအပါအဝင် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများအသုံးပြု၍ စနစ်တကျမီးငြှိမ်းသတ်နည်းများကို အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် မီးလောင်မှု၊ မီးလန့်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိရာ ယခုနှစ်အတွင်း၌ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်