တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

တွံတေး နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁ဝ) နာရီအချိန်က ကျွန်းတောရပ်ကွက်၊ အ.ထ.က (ခွဲ) ကျွန်းတော၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ.ထ.က (ခွဲ) ကျွန်းတောကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "မြန်မာကျောင်း" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးငယ်ငယ်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးလွင်ဇော်ဦးက လူငယ်နှင့်အားကစား၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသန်းနိုင်က စားသုံးသူရေးရာအကြောင်း ဟောပြောကာ စာရေးစာဆရာ ဝင်းထွဋ်ဦးက စာဖတ်ရခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်တို့ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ဦးရွှေရိုး ဒေါ်မိုးတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် ပုံ​ပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ပြီး Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။

ဆက်လက်၍ ရပ်ကွက်ရာအိမ်မှူး ဦးကျော်စိုးသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင်