ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ မှတ်တမ်းဗီဒီယိုအား ပြသသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးအဖွဲ့များမှ တာဝန်ရှိသူများထံ ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၄)နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ကျန်းမာရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ဆု ပထမဆုရရှိခဲ့သည့် ရန်ကုန် တိုင်ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများထံ ဂုဏ်ပြုဆုငွေ များအား လည်းကောင်း အသီးသီး‌ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းနှင့် တာဝန်ရှိသူများက သားဖွားဆရာမများအား ဝတ်စုံများ၊ မူကြိုဆရာမများအား ဝတ်စုံများ၊ ခရိုင်အလိုက် ကျန်းမာရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ဆု၊ ပညာရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ဆု၊ စီးပွားရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ဆုနှင့် လူမှုရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ဆု ရရှိသူများကို အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အမှာစကားပြောကြားခြင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေစာရင်းရှင်းတမ်းနှင့် ဘဏ်လက်ကျန်ငွေစာရင်အား ရှင်းလင်းတင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာနန္ဒာဝင်းက ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးအကြောင်း အသိပညာပေး ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင်ဖြစ်သည့် ကမာရွတ်ခရိုင်၊ ကျောက်တံတားခရိုင်၊ တွံတေးခရိုင်၊ တိုက်ကြီးခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ မရမ်းကုန်းခရိုင်၊ မင်္ဂလာဒုံခရိုင်၊ မှော်ဘီခရိုင်၊ လှည်းကူးခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ သန်လျင်ခရိုင်၊ အလုံခရိုင်နှင့် အင်းစိန် ခရိုင်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌများမှ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းနှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူများက လုပ်ငန်းများအပေါ် အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြ သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)