ကော့မှူး နိုဝင်ဘာ ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အ.မ.က (မြို့သစ်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုလိုခြင်းများဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့လာရောက်၍ ငယ်ရွယ်စဉ်က ပင်စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ စိတ်ပျော်ရွှင်စေရန် ဂိမ်းကစားပြိုင်ပွဲများကျင်းပရာ အ.မ.က(မြို့သစ်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်ကဆုများပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ