လှည်းကူး နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ လူငယ်စကားဝိုင်းနှင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လှည်းကူးမြို့နယ်အ.ထ.က (ဒါးပိန်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးအောင်ဝင်းထူးက အဖွင့်အမှာစကားပြောကြားပြီး ဒါးပိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက မုဒိတာစကားပြောကြားခဲ့ကာ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လှက အားကစားအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းအားပြောကြားခဲ့ပြီး လူငယ်စကားဝိုင်း၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက်ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ပြီး အ.ထ.က(ဒါးပိန်)မှ တာဝန်ခံဆရာမ ဒေါ်ကြည်ဖြူထင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ ရသ စာအုပ်/ စာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ လေ့လာကြည့်ရှု ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)