မိတ္ထီလာ နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၁၃၈၇ ခုနှစ် နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်သုခကျောင်းမှ ဆရာတော်ဦးကောဝိဒနှင့် ဦးသုမန(စာရေးဆရာ ဒေါက်တာဇော်) တို့က စာဆိုတော်နေ့နှင့်ပတ်သက်၍ သြဝါဒမိန့်ကြားခဲ့ပြီး မိတ္ထီလာမြို့နယ် စာရေးဆရာအသင်းမှ အတွင်းရေးမှူး ကဗျာဆရာကြည်သိန်းဇော်က မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ပေးပို့သည့် စာဆိုတော်နေ့အထိမ်းအမှတ်သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
၎င်းနောက် မြို့နယ်စာရေးဆရာအသင်း နာယကစာရေးဆရာ ဘိုမျိုး (ရွှေဘို) က စာဆိုတော်နေ့ဖြစ်ပေါ်လာပုံအကျဉ်းကို ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်များက စာဆိုတော်နေ့နှင့် ပတ်သက်သည့် ကဗျာများကို ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် စာရေးဆရာကိုရင်ညို(ထီလာ)က မြို့နယ်စာရေးဆရာအသင်းကို စာအုပ်များ ပေးအပ်လှူဒါန်းရာ မြို့နယ်စာရေးဆရာအသင်းနာယက စာရေးဆရာ ဘိုမျိုး (ရွှေဘို) က လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ကဗျာဆရာ ကြည်သိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)