ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် Mobile Training Bus ဖြင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ဒဂုံတောင် နိုဝင်ဘာ ၂၁

အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးခြင်းကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အလုပ်ရုံနှင့်အလုပ်သမားဥပ‌ဒေစစ်ဆေးရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးက စက်ရုံများအရောက်  Mobile Training bus ဖြင့် ယမန်နေ့နံနက် ၁၀ နာရီမှ စတင်ကာ စက်ရုံ(၄)ရုံတွင် ကွင်းဆင်းလှည့်လည်ကာ အသိပညာပေးဆွေးနွေးကြောင်းသတင်းရရှိသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အလုပ်ရုံနှင့်အလုပ်သမားဥပ‌ဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေး ဥပဒေတို့ပါ အလုပ်သမားများ၏ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရွာသာကြီး(အကြီးစား)စက်မှုဇုန်၊ မြဝတီမင်းကြီးလမ်း အမှတ်(၆၁၊ ၆၄)ရှိ East Star Machinery Trading Co.,Ltd ပလတ်စတစ်ပစ္စည်းစက်ရုံ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း၊ အမှတ် (၆၁၊ ၆၂)ရှိ  VFC (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း၊ အမှတ်(၁၄၉)ရှိ NKM Apparel Co.,Ltd အထည်ချုပ်စက်ရုံ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ကျန်စစ်သားလမ်း၊ အမှတ်(၅၀)ရှိ Sep Forest Craft (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံတို့တွင် Mobile Training Bus အသုံးပြု၍ နိုဝင်ဘာ ၁၁၈ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စက်ရုံများအရောက် အသိပညာပေးဆွေးနွေးကြောင်း သိရသည်။

ယခုကဲ့သို့ အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်နှင့်အလုပ်သမားများ အလုပ်သမားဥပဒေများသိရှိကာ အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏စီးပွားရေးကဏ္ဍကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေမျိုးအောင်