ရန်ကုန် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များရှိရန်ကုန်-ပုသိမ်လမ်း ပီမိုးနင်းလမ်းနှင့် ကျန်စစ်သားလမ်းကြား ကွန်ကရစ်တံတား တည်ဆောက်နေမှုအားလည်းကောင်း၊ နဝဒေးဥယျာဉ်အိမ်ရာရှေ့တွင် ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ဗန်းမော်အတွင်းဝန်လမ်းနှင့် အမှတ်(၅)လမ်းထောင့် ကွန်ကရစ်တံတား တည်ဆောက်နေမှုအား လည်းကောင်း၊ တေးဥယျာဉ်လမ်းနှင့် သောင်ကြားလမ်းရှိ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် အဝင်မုခ်ဦး တည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်အဝိုင်းမှ အနော်ရထာလမ်းဖြင့် ချိတ်ဆက်သည့် ဧရာဝတီလမ်းအရှည် (၅၉၀၀)ပေ၊ အကျယ်(၂၂) ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကျန်စစ်သားလမ်းကြား၊ ပေါင်းကူးလမ်း၊ မြေဧရိယာ(၃.၅၀၈)ဧကတွင် (၄)ခန်းတွဲ (၆)ထပ် တိုက်အလုံး(၂၀) အခန်းပေါင်း(၄၈၀)ခန်း ဆောင်ရွက် လျက်ရှိသည့် Grand Hlaing Thar Yar တန်ဖိုးသင့်အိမ်ရာစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက Power Point ဖြင့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြပြီး ဆက်လက်၍ လုပ်ငန်းခွင်ဆောက်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးဘေးလုံခြုံရေး၊ ငလျင်ဒဏ်ခံနိုင်ရေး၊ လုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အောင်ဇေယျတံတား တောင်ဘက်ခြမ်း လှိုင်မြစ် မြစ်ထွက်ပေါက် မြေအောက်ရေမြောင်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ တပင်ရွှေထီးလမ်းရှိ အများပြည်သူအားကစားကွင်းနှင့် ကွင်းရှေ့တွင် မြက်များ ရှင်းလင်းနေအားလည်းကောင်း၊ ရွှေပြည်သာတံတားအဆင်းတွင် အရှည် (၁၆၀၀) ပေ ဇလားပုံ ရေမြောင်းဆောင်ရွက်နေမှုအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များကို မှာကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် လိပ်ပုတ်ချောင်းတံတားဆောင်ရွက်နေမှုအားလည်းကောင်း၊ ရတနာပန်းကုံးကျောင်းတိုက်ရှေ့တွင် လမ်းတိုးချဲ့ နေမှုအား လည်းကောင်း၊ လှော်ကားတာဆုံ၊ စမ်းချောင်းလေးချောင်း တံတားတိုးချဲ့နေမှုအားလည်းကောင်း၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းရှေ့ရှိ လမ်းတိုးချဲ့ရာတွင် လမ်းနယ်နှင့် လွတ်ကင်းရာသို့ ဓာတ်အားလိုင်းနှင့် ဓာတ်အားတိုင်များ အသစ်တည်ဆောက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းမီးတိုင်များအား လမ်းနှင့်လွတ်ကင်းရေး အမြန်ဆုံးစနစ်တကျ အန္တရာယ်ကင်းစွာ ရှင်းလင်းဆောင်ရွက်ရန်၊ ဆက်သွယ်ရေးကြိုးများအား စနစ်တကျ တပ်ဆင် ဆောင်ရွက်ရန်၊ လမ်းဘေး ဝဲ/ယာ ရေမြောင်း တစ်လျှောက် အမှိုက်၊ နုန်းများ ဆယ်ယူရှင်းလင်းရန်၊ မြက်ပင် ချုံနွယ်များ ရှင်းလင်းရန်၊ သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အချိန်တိုအတွင်း ပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)