ကျောက်ဆည် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲစာရင်းတွင်ပါရှိပြီး မဲဆန္ဒနယ်မြေပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် တက်ရောက်နေသည့် ကျေုာင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲများပေးရာ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေး ကဒ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကော်လိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကဒ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူပြီး မိမိတို့ဆန္ဒအလျောက် နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်းတွင် ဆန္ဒမဲပေး၍ သက်ဆိုင်ရာ လွှတ်တော်သီးသီးရှိ ကြိုတင်ဆန္ဒမဲပေးခြင်း များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲများပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်တာဝန် ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမျိုးမြင့်အောင်နှင့်တာဝန်ရှိသူများ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ပြီး ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်အုပ်စု ၁၀ အုပ်စု၊ ကျေးရွာအုပ်စု ၈၇ အုပ်စုရှိပြီး ကြိုတင်မဲပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)