မြစ်သား နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်အချိန်တွင် မဲဆန္ဒနယ်ပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ မြစ်သားမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကျေးကော်မရှင်အဖွဲ့တို့မှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကျင်းပမည့်အချိန် မြစ်သားမြို့နယ် မဲဆန္ဒနယ်ပြင်ပတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးကြမည့်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ကျောင်းများသို့ မသွားရောက်မီ မိမိတို့၏မဲစာရင်းပါရှိရာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကျောင်းသားကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့တွင် ကျောင်းသား (၂၁) ဦး၊ ကျောင်းသူ (၂၅) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၄၆) ဦး ကြိုတင်ဆန္ဒမဲလာရောက်ပေးခဲ့ကြောင်းသိရသည်။
မြစ်သားမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တက္ကသိုလ်/ ဒီဂရီကောလိပ် တက်ရောက်မည့် ကျောင်းသား /ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲပေးနေမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ တာဝန်ရှိ သူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဝါဝါမြင့် (မြစ်သား)