ဒဂုံတောင် နိုဝင်ဘာ ၂၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၂၅ ရပ်ကွက် ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝဏ္ဏက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းကိုစတင်ရာ သင်တန်းနည်းပြ (၁၀) ဦးက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ (၁၁၂)ဦးတို့ကို မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏တာဝန်များ လုပ်ပိုင်ခွင့်များ ဆောင်ရန်ရှောင်ရန်များနှင့် MEVM မဲပေးစက် အကြောင်းအရာများ အသုံးပြုပုံအဆင့်ဆင့်တို့ကို စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ (၂၀) ရက်နေ့မှ နိုဝင်ဘာ (၂၅) ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်၊ ဒဂုံမြိူ့သစ် (တောင်ပိုင်း) မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
သန်းသန်းအေး(ဒဂုံတောင်)