တာမွေ နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသော်ကအောင်မှ တက်ရောက်လာကြသူများအား သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် တာမွေမြို့နယ်အတွင်း ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ သက်ဆိုင်ရာမဲရုံများတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများအား သက်ဆိုင်ရာသင်တန်း နည်းပြများက မဲရုံများတည်ဆောက်ခြင်းနှင့် မဲရုံအဖွဲ့ဝင်များ ဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲတစ်နေ့တာအကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူ၊ မဲရုံလုံခြုံရေးဆောင်ရွက်သူ၊ မဲပေးပြီးကြောင်း၊ မဲရုံအဖွဲ့ဝင်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ မတိုင်မီနှင့် ကျင်းပမည့်နေ့တို့တွင် မြန်မာ အီလက်ထရောနစ်မဲပေးစက်များ အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ ဆန္ဒမဲပေးစဉ်တွင် အရန်စက်ဖြင့် လဲလှယ်ရသည့် အခြေအနေမျိုးအတွက် လမ်းညွှန်ခြင်းများ၊ ဆန္ဒမဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲပေးချက်ဖော်ပြသည့် စက်တွင် ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများကို ရေတွက်ခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ မဲပေးစက်အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ အမေးအဖြေများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ လုပ်ငန်းစဉ်များ(အကျဉ်းချုပ်)၊ ရွေးကောက်ပွဲသုံးပုံစံများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်များ လက်တွေ့တပ်ဆင်ခြင်းနှင့် မဲရုံလက်တွေ့ဆောင်ရွက်ခြင်းများကို (၂)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)